မကွေးကို လူနာပြန်ပို့တဲ့ လူမှုကူညီရေးကား အမြန်လမ်းမှာတိမ်းမှောက်လို့ ၂ ဦး သေဆုံး

မကွေးကို လူနာပြန်ပို့တဲ့ လူမှုကူညီရေးကား အမြန်လမ်းမှာတိမ်းမှောက်လို့ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ  လူမှုကူညီရေးအသင်းယာဉ် တိမ်းမှောက်လို့ လူနာအပါ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

မတ် ၁၆ ရက် ယမန်နေ့မနက် ၉ နာရီခန့်မှာ ရန်ကုန်ကနေ နေပြည်တော်ဘက်ကို အမြန်လမ်းအတိုင်း ဦးတည်မောင်းနှင်လာတဲ့ ရန်ကုန်မြို့အခြေစိုက်၊ အောင်ဇေလူမှုကူညီရေးအသင်းယာဉ်ဟာ မိုင်တိုင်အမှတ် ၉၇ အရောက်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

"လမ်းအတိုင်းမောင်းလာရင်းကနေ အဲ့ဒီမိုင်တိုင်အရောက်မှာ ခွေးက ကားအရှေ့ကနေဖြတ်သွားတာကို ရှောင်လိုက်တာ။ လမ်းလယ်ကြောမှာရှိတဲ့ ထန်းပင်တွေ ခရေပင်တွေကို ဝင်တိုက်ပြီးတော့ သုံးလေးပတ်လောက်လိမ့်သွားတာ။"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

လူမှုကူညီရေးကားပေါ်မှာ အသင်းဝင် ၂ ဦးအပါအဝင် ၅ ဦးလိုက်ပါလာတာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၅၀ ကျော်အရွယ် ဦးခင်မောင်ထွန်းနဲ့ ဒေါ်စိုးစိုးတို့ ၂ ဦး သေဆုံးသွားကာ လူမှုကူညီရေးအသင်းဝင် ၂ ဦးနဲ့ မအိမ့်မြတ်နိုးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ မကွေးမြို့နေထိုင်သူတွေဖြစ်ပြီး ရန်ကုန်မြို့မှာ ဆေးကုသပြီးနောက် မကွေးမြို့ကို လူမှုကူညီရေးယာဉ်နဲ့ ပြန်လည်ပို့ဆောင်စဉ် ယာဉ်တိမ်းမှောက်သေဆုံးခဲ့တာဖြစ်ကာ သေဆုံးဒဏ်ရာရသူတွေကို မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ် ၃ ရက်ကလည်း လှည်းကူးမြို့နယ်အပိုင် အမြန်လမ်းမိုင်တိုင်အမှတ် ၆ မိုင် ၁ဖာလုံအနီးမှာ ISUZU အမျိုးအစားယာဉ် ၁ စီး လမ်းလယ်ကျွန်းအတားအဆီးတွေကိုတိုက်မိခဲ့လို့ ယာဉ်ပေါ်ပါအမျိုးသမီး ၁ ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #အမြန်လမ်း #ယာဉ်တိမ်းမှောက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10