မကွေးတိုင်းထဲက မြို့နယ်တွေမှာ mask တပ်ပြီး လွယ်အိတ်လွယ်မသွားလာဖို့ စစ်ကောင်စီအမိန့်ထုတ်

မကွေးတိုင်းထဲက မြို့နယ်တွေမှာ mask တပ်ပြီး လွယ်အိတ်လွယ်မသွားလာဖို့ စစ်ကောင်စီအမိန့်ထုတ်

မကွေးတိုင်းဒေသကြီးအတွင်းက မကွေး၊ အောင်လံ၊ တောင်တွင်းကြီး၊ ပခုက္ကူမြို့နယ်တွေအတွင်းမှာ mask တပ်ထားပြီး လွယ်အိတ်လွယ်မသွားလာဖို့ စစ်ကောင်စီအမိန့်ထုတ်ပြန်လာတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။

မေ ၈ ရက်ကစတင်ပြီး မြို့နယ်အလိုက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအမိန့်နဲ့ ဒေသခံတွေလိုက်နာဖို့ အဲဒီ ညွန်ကြားချက်ကို ထုတ်ပြန်လာတာလို့ ဆိုပါတယ်။

"တမြို့နဲ့တမြို့ အမိန့်ထုတ်တဲ့ရက်တော့ မတူဘူး။ ကျနော်တို့မြို့မှာတော့ ၁၀ ရက်နေ့က မြို့ထဲမှာ သုံးဘီးနဲ့လိုက်အော်တာ။ ခုလိုထုတ်ပြန်တာကလည်း သူတို့စာထဲပါတဲ့အတိုင်း PDF တွေဘက်က အဲလိုပုံစံတွေလုပ်ပြီး သူတို့လူတွေကိုရှင်းနေတော့ ခွဲခြားသိနိုင်အောင်လုပ်တာလို့ပဲ ထင်တယ်" လို့ မကွေးဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ထွေအုပ်က ထုတ်ပြန်တဲ့စာထဲမှာ PDF တွေက ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ အပြစ်မဲ့ပြည်သူတွေနဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို မကြာခဏ သတ်ဖြတ်လုပ်ကြံရာမှာ mask တပ်ခြင်း၊ လက်နက်ခဲယမ်းတွေကို လွယ်အိတ်တွေထဲ ထည့်ပြီး သွားလာကာဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် mask တပ်၊ လွယ်အိတ်လွယ်မသွားလာဖို့ အမိန့်ထုတ်ရတာဖြစ်ပြီး မလိုက်နာပါက ဒေသန္တရဥပဒေနဲ့အရေးယူသွားမယ်လို့ သိရပါတယ်။

"စကစဒေါက်တိုင်တွေ ရှင်းလင်းခံရချိန်မှာ ရဲဘော်တွေက အဲလိုလုပ်ပြီးသွားလာနေကြတာဆိုတော့ သူတို့ဘက်ကကြောက်ပြီး  ခုလိုအမိန့်ထုတ်တာနေမယ်" လို့ အောင်လံအခြေစိုက် မြေလတ်ဗမာကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားပြီးချိန်မှ စတင်ပြီး ဒေသခံတွေဟာ mask တပ်သွားလာတဲ့အကျင့်ရှိခဲ့ကြသလို ရာသီဥတုပူပြင်းတာကြောင့် အပြင်ထွက်ချိန် mask တပ်ကြပြီး တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီဒေါက်တိုင်တွေကို ရှင်းလင်းချိန် သူတို့မျက်နှာတွေကို အခြားသူတွေမမှတ်မိစေဖို့ mask ကိုအသုံးပြုသွားလာလေ့ရှိကြပါတယ်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း မကွေးတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီဒေါက်တိုင်သတင်းပေး၊ ဒလန်၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ စစ်ကောင်စီတပ်သားတွေနဲ့ ရဲအဖွဲ့ဝင်တွေ၊ ပျူစောထီးဆိုသူတွေ နေ့စဥ်နဲ့အမျှ ပစ်သတ်ခံနေရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #ထွေအုပ် #ထုတ်ပြန်ချက် #mask #လွယ်အိတ် #ဒေသန္တရဥပဒေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10