မကွေးတိုင်းထဲက ရေနံမှော်တွေကို စစ်ကောင်စီဘက်က ထပ်မံပိတ်သိမ်းခိုင်းလို့ ပြောင်းရွှေ့နေရ

မကွေးတိုင်းထဲက ရေနံမှော်တွေကို စစ်ကောင်စီဘက်က ထပ်မံပိတ်သိမ်းခိုင်းလို့ ပြောင်းရွှေ့နေရ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြိုနယ်နဲ့ သရက်မြို့နယ်တွေထဲက ရေနံမှော်တွေကို စစ်ကောင်စီဘက်က ထပ်မံပိတ်သိမ်းခိုင်းလို့ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

ဇွန်လ ၃ ရက်လောက်ကစပြီး မင်းလှမြို့နယ်ထဲက ဒဟတ်ပင်၊ ထန်းကိုင်း၊ ဓာတ်ကုန်း၊ ရေနံမ၊ ကျောက်ပုံ၊ နလဲနဲ့ သရက်မြို့နယ်ထဲက ပိတောက်ပင်စတဲ့ ‌ရေနံမှော်တွေကို စတင်ဖျက်ခိုင်းနေပြီး ဇွန်လ ၇ ရက် ဒီနေ့ နောက်ဆုံး ထားပြီး ရွှေ့ရမယ်လို့ စစ်ကောင်စီတပ်ဘက်က လာပြောသွားတယ်လို့ လုပ်ငန်းရှင်တဦးကပြောပါတယ်။

"၃ ရက်နေ့ကစပြီး အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့လာပြီး နလဲ ရေနံမှော်လမ်းဘေးက ရေနံတူးနေတဲ့ နေရာတွေကို အင်အားနဲ့လာဖျက်သွားတယ်။ အဲနောက်မှာ ခုလုပ်နေတဲ့ ရေနံမှော်တွေကို ဖျက်ရမယ်ဆိုပြီး ပါးစပ်ကနေ ပြောသွားတာ။ စာထုတ်တာမျိုးလဲ မရှိဘူး။ ကျနော်တို့က ပြည်သူဆိုတော့ ကြောက်တာပေါ့။ သူတို့ဖျက်ဆိုလို့ ဖျက်နေရတယ်။ ပြည်သူကို မွဲအောင်လုပ်နေတာလို့ မြင်တယ်"လို့ သူက ပြောပါတယ်။

ရေနံမှော်တွေထဲမှာ လုပ်ကိုင်နေတဲ့ ပြည်သူအများအပြားရှိနေပြီး ခုလို ရေနံမှော်တွေ ဖျက်သိမ်းခိုင်းနေတာဟာ ပြည်သူတွေကို အလုပ်အကိုင်အခက်ခဲဖြစ်အောင် အကျပ်အတည်းဖြစ်အောင် ဖန်းတီးနေလို့ နောက်ဆက်တွဲ ဆိုးကျိုးတွေသာ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

တချို့ရေနံမှော်ကြီးတွေမှာ မှီခိုလုပ်ကိုင်နေသူ ဦးရေဟာ စုစုပေါင်း ၁ သိန်းဝန်းကျင်ရှိတာကြောင့် အခုလို ရေနံမှော်တွေကို ပိတ်သိမ်းလိုက်တဲ့အတွက် လုပ်ငန်းရှင်၊ အလုပ်သမား၊ စျေးရောင်းသူတွေ၊ ကျပန်းလုပ်သူ၊ မှီခိုသူမိသားစု အရေအတွက် ၁၀ သိန်းအထက် အလုပ်လက်မဲ့ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ 

မင်းလှမြို့နယ်နဲ့သရက်မြို့နယ်က ရေနံစိမ်းထွက်ရှိမှုဟာ မြန်မာတနိုင်ငံလုံး ရေနံစိမ်းထုတ်လုပ်မှုရဲ့  ၅၀ ရာခိုင်နှုန်းဝန်းကျင်ထိရှိတယ်လို့ အဲဒီဒေသက ရေနံမှော်မှာ တနိုင်တပိုင်ရေနံတူးတဲ့ လုပ်ငန်းရှင်တဦးက ဆိုပါတယ်။ 

အဆိုပါရေနံမှော်တွေမှာ ကုမ္ပဏီကြီးတွေအပါအဝင် တနိုင်တပိုင်ရေနံတူးသူ လုပ်ငန်းရှင်ဦးရေ ထောင်ကျော်ရှိ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ရေနံမှော်တွေထဲ လုပ်ကိုင်သူတွေကို ထွက်သွားဖို့ ပြောဆိုခဲ့တာကြောင့် လုပ်ငန်းရှင် ၅၀၀ ခန့်က လုပ်ငန်းတွေကို ဖျက်သိမ်းနေကြပြီး ကျန်သူတွေကတော့ အခြေနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ဒေသတွေက ရေနံမှော်တွေကို ယခင်က လုပ်ငန်းရှင်ကြီးတွေသာ ကြီးစိုးလုပ်ကိုင်ခဲ့ရာမှ NLD အစိုးရလက်ထက်မှာ ဒေသခံပြည်သူတွေ စီးပွားရေးအဆင်ပြေစေဖို့ တနိုင်တပိုင်လုပ်ကိုင်သူတွေကို ခွင်ပြုပေးခဲ့လို့ ရေနံတူးသူတွေ ပိုများလာခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေနံမှော် #မင်းလှ #ရေနံစိမ်း #ဒဟတ်ပင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10