မကွေးထောင်တွင် ဆေးကုခွင့်မပေးဘဲ ပစ်ထားလို့ ဂုဏ်ထူးတန်းကျောင်းသူတဦး သေဆုံး

မကွေးထောင်တွင် ဆေးကုခွင့်မပေးဘဲ ပစ်ထားလို့ ဂုဏ်ထူးတန်းကျောင်းသူတဦး သေဆုံး

မကွေးတိုင်း၊ မကွေးထောင်မှာ နိုင်‌ငံရေးပုဒ်မနဲ့ ထောင်ချမှတ်ခံထားရတဲ့ တက္ကသိုလ် ဂုဏ်ထူးတန်းကျောင်းသူတဦးကို ထောင်အာဏာပိုင်တွေက ဆေးကုသခွင့်မပေးခဲ့တာကြောင့် ဇန်နဝါရီ ၂၂ ရက်မှာ အသက်သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းကတဆင့် သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဓာတုဗေဒဂုဏ်ထူးတန်းကျောင်းသူတဦးဖြစ်တဲ့ မစုမေအောင်ဟာ ၂၀၂၂ က လူမှုကွန်ယက်ပေါ်မှာ PDF ထောက်ခံကြောင်းရေးသားမိလို့ အကြမ်းဖက်ပုဒ်မ ၅၀ ည နဲ့ ထောင် ၁၅ နှစ်ချခံခဲ့ရတာဖြစ်ပြီး ထောင်မကျခင်ထဲက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အားနည်းသူဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်ကျကာစ က ရောဂါကြီးကြီးမားမားမရှိပေမယ့် ၂၀၂၃ ဇွန်လပိုင်းလောက်ကစကာ အရေပြားလေးဘက်နာ၊ အဆုတ်ရေလျှံရောဂါနဲ့ အသည်းကြီးရောဂါတွေ စဖြစ်လာခဲ့ပြီး ထောင်တွင်းဆေးကုခွင့် လုံးဝမရခဲ့ဘဲ မလှုပ်ရှားနိုင်တော့မှသာ မကွေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ဆေးရုံရောက်ပြီး ၃ ရက်အကြာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အရိုးပေါ်အရေတင် ဖြစ်သွားပြီး မလှုပ်နိုင်တော့မှ သူတို့ အပြစ်လွတ်အောင် ဆေးရုံပို့လိုက်ကြတာ။ ဆေးရုံရောက်တော့ ဆရာဝန်တွေ ဆေးစစ်ချက်အရ ရောဂါတွေက လွန်နေပြီမို့ ဘယ်လိုမှ မရတော့ဘူး ပြောတယ်။ အသည်းက လုံးဝပျက်စီးပြီး အဆုတ်ကလည်း ရေတွေလျှံ ဖောက်ထုတ်လို့ကို မနိုင်ဘူး။ ရုပ်ပျက်ဆင်းပျက်ကို သေသွားရတာလို့ ပြန်သိရတယ်"လို့ စုမေအောင်နဲ့ အကျဉ်းတူတူကျခဲ့ဖူးတဲ့ နိုင်ကျဉ်းဟောင်း အမျိုးသမီးတဦးက ပြောပါတယ်။

ထောင်တွင်းမှာရှိစဉ်ကလည်း ထောင်အရာရှိ ၁ ပွင့် ဒေါ်ခိုင်ယဥ်မွန်က စုမေအောင်ကို ပြုစုပေးတဲ့ နိုင်ကျဉ်းတွေနဲ့ အခန်းတူတူမထားဘဲ တခြားအမှုတွဲတွေရှိရာ အခန်းကို တယောက်တည်းခွဲပို့ခဲ့ပြီး စောင့်ရှောက်မှု မရနိုင်အောင် လုပ်ခဲ့တဲ့အပြင် ကိုယ်ထိလက်ရောက်ရော စိတ်ပိုင်းဆိုင်ရာရော နှိပ်စက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“တရက်သား စုမေ ညကြီး လန့်အော်လို့ဆိုပြီး နောက်တခါအော်ရင် အကုန်ဝိုင်းဖိ၊ ခွပြီး ပါးတွေနားတွေ ရိုက်ပစ်လို့ ထောင်အရာရှိ ခိုင်ယဥ်မွန်က အမိန့်ပေးခဲ့ပါတယ်။ မလုပ်တဲ့သူ ငါနဲ့တွေ့မယ်၊ အရေးယူတိုက်ပိတ်ပို့မယ်ဆိုပြီး ကြိမ်းခဲ့တယ်။ စိတ်ပုံမှန်မဟုတ်တဲ့ ကလေးတယောက်ကို စိတ်ဓာတ်စစ်ဆင်ရေးရော ကိုယ်ထိလက်ရောက်ရော လုပ်ကြတာ” လို့ နိုင်ကျဉ်းဟောင်း အမျိုးသမီးက ပြောပါတယ်။

မစုမေအောင်ကို သေဆုံးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီဝန်းကျင်မှာပဲ မကွေးမြို့၊ ချမ်းမြေ့သာယာ သုဿန်မှာ ချက်ချင်းသင်္ဂြိုဟ်ဖို့လုပ်ခဲ့ကြပြီး မိသားစုဝင် ၃ ဦးသာ လိုက်ပါသင်္ဂြိုဟ်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။

ထောင်တွင်းဆေးရုံ၊ ဆေးခန်းရှိပေမယ့် ဆေးမှူး၊ ထောင်အရာရှိတွေနဲ့ ဝန်ထမ်းတွေကို ပိုက်ဆံပေးကာ လာဘ်ထိုးနိုင်မှသာ ကုသမှုလုပ်ပေးကြတာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေက အမြဲတန်းဖိနှိပ်ခံနေရတယ်လို့ နိုင်ကျဉ်းဟောင်း အမျိုးသမီးက ပြောပါတယ်။

အခုလက်ရှိလည်း သေဆုံးနိုင်ကျဉ်းကျောင်းသူ စုမေအောင်ရဲ့ နေအိမ်အနီးတဝိုက်မှာ စစ်ကောင်စီအဖွဲ့ဝင်တချို့က အရပ်ဝတ်နဲ့ကင်းပတ်ကာ စောင့်ကြည့်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #နိုင်‌ငံရေးပုဒ်မ #ထောင် #တက္ကသိုလ် #ဂုဏ်ထူးတန်း #ကျောင်းသူ #ထောင်အာဏာပိုင် #ဆေးကုသခွင့် #စုမေအောင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10