မကွေးထောင်အာဏာပိုင်တွေက နိုင်/ကျဥ်းတွေကို ရိုက်နှက်၊ တိုက်ပိတ်တာတွေလုပ်နေ

မကွေးထောင်အာဏာပိုင်တွေက နိုင်/ကျဥ်းတွေကို ရိုက်နှက်၊ တိုက်ပိတ်တာတွေလုပ်နေ

မကွေးတိုင်း၊ မကွေးမြို့အကျဥ်းထောင်မှ ထောင်အာဏာပိုင်တွေဟာ အကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသား ၄၀ ကျော်ကို နေ့တိုင်းနီးပါး ရိုက်နှက်တာတွေလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM ဆီကသိရပါတယ်။

မကွေးအကျဥ်းထောင် အကျဉ်းဦးစီးမှူး သုံးပွင့်အရာရှိ မင်းလွင်ဦးနဲ့ ထောင်ဝန်ထမ်း ဌေးဝင်းလှိုင်တို့ဟာ ဇွန် ၁၆ ရက်က စတင်ပြီး ဇွန်လကုန်တဲ့အထိ ရက်ပေါင်း ၁၄ ရက်အကြာ အထက်ပါနိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်တာတွေ ပြုလုပ်နေခဲ့တာလို့ ဆိုပါတယ်။

"အကျဥ်းသားတွေကို အဆောင်တွေထဲကနေ Main Jail ကိုခေါ်ထုတ်တယ်။ မေးမြန်းတာတွေလုပ်တယ်။ သူတို့(ထောင်အာဏာပိုင်တွေ)နဲ့ တွေ့တဲ့အခါမှာ ခေါင်းငုံ့ခိုင်းထားတာ။ အဲ့ဒီအချိန်မှာ မော့ကြည့်လိုက်တာမျိုးတွေဆို သူတို့ကဘာမှအကြောင်းပြချက်မပေးဘဲ နံပါတ်တုတ်၊ ရော်ဘာတုတ်တွေနဲ့ရိုက်တာတွေကို ကျနော်တို့တွေ့ရပါတယ်"လို့ PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အခုလိုရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ဇွန်လ ၁၅ ရက်မှာ မန္တလေးအိုးဘိုထောင်ကနေ မကွေးအကျဥ်းထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ အကျဥ်းသားတွေဖြစ်ကြပါတယ်။

သူတို့တွေဟာ မကွေးထောင်ကိုရောက်ရှိလာတဲ့နေ့မှာပဲ ထောင်အာဏာပိုင်တွေက ဖိနှိပ်ရိုက်နှက်မှုတွေပြုလုပ်ကာ ခြေကျင်းဒေါက်ကိုလည်း ၁၄ ရက်အထိခတ်ထားခံခဲ့ရပြီး လက်ရှိမှာတော့ခြေကျင်းဒေါက်တွေ ဖြုတ်ထားတယ်လို့  ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။

အဆိုပါ နိုင်ကျဥ်း ၄၀ ဦးကို ထောင်အာဏာပိုင်တွေက မကြာခဏရိုက်နှက်တာတွေလုပ်နေတဲ့အပေါ် နောက်ထပ်နိုင်ကျဥ်းတွေက တင်ပြကန့်ကွက်ကြတာကြောင့် ကန့်ကွက်သူတွေထဲက ၁၀ ဦးကျော်ကို ထပ်မံရိုက်နှက်ပြီး လက်ရှိအချိန်ထိ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဆီက သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ဇွန် ၁၅ ရက်ကလည်း ကျိုက်မရောထောင်ကနေ ဒိုက်ဦးမြိုအကျဥ်းထောင်ကို ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဥ်းသူတွေကို ထောင်အာဏာပိုင်တွေက အင်အားသုံးရိုက်နှက်ပြီး တိုက်ပိတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အကျဥ်းထောင် #ရိုက်နှက် #တိုက်ပိတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10