မကွေးနဲ့စစ်ကိုင်းတိုင်းထဲ ခွင့်နဲ့သွားမယ့်စစ်သားတွေ အပြင်မှာတည်းခွင့်မရ၊ နီးစပ်ရာစစ်တပ်မှာ တည်းဖို့ အမိန့်ထုတ်ထား

မကွေးနဲ့စစ်ကိုင်းတိုင်းထဲ ခွင့်နဲ့သွားမယ့်စစ်သားတွေ အပြင်မှာတည်းခွင့်မရ၊ နီးစပ်ရာစစ်တပ်မှာ တည်းဖို့ အမိန့်ထုတ်ထား

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်တွေကို ခွင့်နဲ့သွားရောက်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ အခြားအဆင့်တွေအနေနဲ့ သူတို့ရဲ့နေအိမ်တွေအပါအဝင် ပြင်ပဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ တည်းခိုခွင့်ကို တားမြစ်ကန့်သတ်ထားပြီး နီးစပ်ရာစစ်တပ်ထဲမှာသာ တည်းခိုရမယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီက သိရပါတယ်။
 
မြန်မာနိုင်ငံအနှံ့မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်အးတွင်းကို မိသားစုကိစ္စရပ်တွေကြောင့် ခွင့်ယူပြီးပြန်လာမယ်ဆိုရင် ပြင်ပနေရာတွေမှာ တည်းခိုခွင့်မပြုဘဲ သွား ရောက်မယ့်မြို့ နယ်မှာရှိတဲ့ အနီးဆုံးစစ်တပ်တစ်ခုခုမှာ တည်းခိုရမယ်လို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
 
"အခုက ခွင့်က မပေးတာများပါတယ်။ မိသားစုထဲက နာရေးတွေဘာတွေဖြစ်တယ်ဆိုမှ ခွင့်ကပေးတာ။ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)နဲ့ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်) နယ်မြေ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲကို ခွင့်နဲ့ပြန်လာမယ်ဆိုရင်တော့ အရင်လိုမျိုး နေအိမ်တွေ၊ တည်းခိုခန်းတွေမှာ တည်းခွင့်မပြုဘူး။ အနီးဆုံးစစ်တပ်တခုခုမှာ သတင်းပို့ပြီး တည်းရမယ်လို့ ညွှန်ကြားထားတာရှိတယ်။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းနယ်မြေတွေတော့မသိဘူး ပါရင်လည်းပါမှာပေါ့။ ခုကနယ်မြေအတော်များများမှာဖြစ်နေတာဆိုတော့" လို့ မကွေးမြို့အခြေစိုက် တပ်မ ၈၈ တပ်တွင်းသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေစိုးမိုးမှုအားကောင်းတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ခရီးသွားလာခွင့်လုံး၀ ပိတ်ပင်ထားတယ်လို့ သူကဆက်လက်ပြောပါတယ်။
 
"PDF အင်အားကောင်းတဲ့မြို့နယ်တွေကို လုံး၀ပေးမသွားဘူး။ ဒါကတော့ညွှန်ကြားချက်မရှိဘူး။ ခွင့်ပေးမယ့်တပ်မှူးက နယ်မြေအနေအထားကိုကြည့်ပြီး ပိတ်တာပေါ့။ တခုခုဖြစ်ရင်ခွင့်ပေးတဲ့တပ်မှူးပါထိမှာလေ၊ အဲ့ဒီလိုမျိုးတွေရှိတယ်။ အဲ့ဘက်ဒေသတွေလည်း သွားဆိုလည်း သွားရဲမှာမဟုတ်လောက်ဘူး" လို့ သူကပြောပါတယ်။
 
အဲ့ဒီညွှန်ကြားချက်ကိုတော့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းက PDF စိုးမိုးမှုများတဲ့ မြို့နယ်တွေရဲ့လမ်းပိုင်းတွေမှာ PDF ရဲ့ စစ်ဆေးမှုတွေလုပ်ဆောင်ခံရပြီး စစ်ကောင်စီတပ်သားတွေအများအပြား ဖမ်းဆီးခံရမှုတွေရှိနေခဲ့လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကနေ စတင်ညွှန်ကြားခဲ့တာလို့သိရပါတယ်။ PDF က ဖမ်းဆီးပြီးတဲ့နောက် ပြန်လည်ခုခံမှုတွေရှိနေခဲ့လို့ ပစ်ခတ်သတ်ဖြတ်ခံရပြီးသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အများအပြားရှိနေတာပါ။
 
စစ်အာဏာသိမ်းပြီးတဲ့နောက် ခုခံတော်လှန်စစ်စတင်ချိန် ၂၀၂၁ ခုနှစ်အတွင်းကစလို့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး ၂ နှစ် နီးပါးအကြာမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်း နယ်မြေအတော်များများကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်စိုးမိုးထားနိုင်တာဖြစ်ပါတယ်။
 
"ဒီကောင်(စကစ)တွေရဲ့အခြေအနေက စစ်ကိုင်းနဲ့မကွေးထဲကိုတော့ မိဘသေလို့တောင်ပြန်လာဖို့စိတ်မကူးနဲ့။ မြို့နယ်အလိုက် PDF တွေက ဘယ်နယ်က ဘယ်သူ့အိမ်က စစ်ကောင်စီတပ်ထဲက Inservice (တာဝန်ထမ်းဆောင်ဆဲ) နဲ့ပတ်သက်နေတယ်ဆိုတာ အချက်အလက်တွေရှိပြီးသား။ ကျနော့်နယ်ထဲမှာကို ဒီကောင်တွေမိသားစုဝင်တွေသေရင် ဗီဒီယိုကောခေါ်ပြပြီးနာရေးလုပ်နေရတာတွေရှိတယ်။ အဲ့လိုအသတ်ခံရမှာကြောင့်လည်း စစ်တပ်တွေမှာတည်းဖို့ ညွှန်ကြားတာ" လို့ CDM ရဲလည်းဖြစ်တဲ့ ​မြင်းမူ Truth Fighter PDF ခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်။
 
စစ်အာဏာသိမ်း ၂ နှစ်ပြည့်တဲ့ အခုလ ၂ ရက်နေ့မှာဘဲ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်တော့တဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၁ ခုနဲ့ မကွေးတိုင်းအတွင်းက မြို့နယ် ၅ ခုကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်တယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10