မကွေးမြို့ပေါ်မှာ စိုးရိမ်ရေအမှတ်အထက်ရောက်နေပြီး ဒေသခံ ၁၅၀၀ ရေဘေးသင့်နေ

မကွေးမြို့ပေါ်မှာ စိုးရိမ်ရေအမှတ်အထက်ရောက်နေပြီး ဒေသခံ ၁၅၀၀ ရေဘေးသင့်နေ

မကွေးတိုင်း၊ မကွေးမြို့မှာ ရေကြီးနေတဲ့အတွက် ဒေသခံပြည်သူ ၁၅၀၀ ကျော် ရေဘေးသင့်နေပြီး ရေလွတ်ရာမှာ ရွေ့ပြောင်းနေထိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၆ ရက် ဒီမနက်ပိုင်းထိ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မကွေးမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၁ ပေနီးပါးရောက်ရှိနေပြီး မြို့အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ အောင်မေတ္တာ၊ အုတ်ဖို၊ မြို့ဟောင်း၊ မြင်းကင်းရပ်ကွက်တွေမှာ ရေဝင် နစ်မြုပ်နေတာလို့ ဆိုပါတယ်။

"မြစ်ရေတက်တာကတော့ ၄ ရက်လောက်ရှိပြီ။ ဒီမနက်ထိလည်း စိုးရိမ်ရေမှတ်အထက် ရှိနေသေးတာဆိုတော့ အနိမ့်ပိုင်းနေအိမ်တွေက အချို့အိမ်ဆိုခေါင်မိုးမြုပ်တယ်။ အချို့ကတော့ လူနေလို့မရတဲ့အထိ အိမ်တဝက်မြှပ်တာတွေရှိတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဇူလိုင် ၁၀ ရက်လောက်ကတည်းက မကွေးမြို့ပေါ်ကို ရေစတင်ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာ ရေဘေးရှောင်စခန်းမရှိတဲ့အတွက် မြို့အမြင့်ပိုင်းရှိ ရပ်ကွက်တွေရဲ့လမ်းဘေးမှာဖြစ်သလို တဲထိုးနေထိုင်နေကြသလို ဘုရားနဲ့ စေတီကုန်းမြင့်တွေမှာလပြောင်းရွေ့နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ 

မြို့နေပြည်သူတွေနဲ့ ပရဟိတအသင်းတွေက ထမင်းထုပ်၊ ရေနဲ့ စားသောက်စရာအချို့ကို နေ့စဥ်နီးပါးပေးကြပေမယ့်လည်း စားနပ်ရိက္ခာအတွက် အကူညီလိုအပ်နေသေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ရေနစ်မြုပ်မှုကြောင့် အိမ်ခြေရာချီ ပျက်စီးနိုင်တဲ့အပြင် ရေဘေးရှောင်နေသူတွေရဲ့ အိမ်အချို့မှာလည်း ပစ္စည်းတွေနဲ့ သွပ်တွေ ခိုးယူခံနေရတာတွေ ရှိနေတယ်လို့ သိရပါတယ်။ 

မကွေးမြို့ပေါ်မှာ အခုလို လူဦးရေထောင်ချီပြောင်းရွေ့ရတဲ့ရေကြီးမှုမျိုးကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် လောက်က တကြိမ်ကြုံ ခဲ့ရပြီးနောက် ၉ နှစ်အကြာမှာ ထပ်မံကြုံတွေ့နေရတာလို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေဘေးသင့် #စိုးရိမ်ရေအမှတ်ကျော်လွန် #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10