မကွေးမှာ ကလပ်ကပြန်လာတဲ့လူငယ်တွေ အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်လို့  ၄ ဦးဒဏ်ရာရ

မကွေးမှာ ကလပ်ကပြန်လာတဲ့လူငယ်တွေ အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်လို့  ၄ ဦးဒဏ်ရာရ

မကွေးမြို့၊ ရန်ကျော်ရပ်ကွက် ၁၅ လမ်းနဲ့ ခတ္တာလမ်းထောင့်မှာ လူငယ်အချင်းချင်း အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်လို့ ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၂၁ ရက် ည ၁၁ နာရီကျော်မှာ မကွေးမြို့တွင်း ကလပ်တခုကနေပြန်လာတဲ့ အသက် ၂၀နဲ့ ၃၀ကြားရှိ လူငယ် ၈ ဦးအဖွဲ့နဲ့ ၄ ဦးပါအဖွဲ့တို့ အပြန်အလှန်ရိုက်နှက်မှုဖြစ်ကြတာလို့ ဆိုပါတယ်။

"နှစ်ဖွဲ့စလုံးကလည်းမူးနေတယ်။ ကလပ်ထဲကတည်းက ဘယ်လိုပြဿနာကြောင့် ငြိလာကြလည်းတော့မသိဘူး၊ လမ်းကျမှ ရိုက်ကြတာ။ ၄ ယောက်အဖွဲ့ထဲက တယောက်ကတော်တော်ထိသွားတယ်" လို့ မကွေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အုပ်စုဖွဲ့ရိုက်နှက်မှုအတွင်း ၄ ဦးအဖွဲ့မှ လူငယ် ၁ ဦးမှာ ဦးခေါင်း၊ ခြေလက်တွေမှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ၈ ဦးအဖွဲ့ထဲက လူငယ် ၃ ဦးကတော့ မျက်နှာ၊ ခေါင်းနဲ့လက်တွေမှာ (မစိုးရိမ်ရ) ဒဏ်ရာရသွားကာ အဲ့ဒီလူငယ်တွေဟာ အခင်းဖြစ်နေရာရပ်ကွက်နဲ့ အနီးရပ်ကွက်တွေမှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးမြို့အတွင်းမှာ ကလပ်၊ ဘားနဲ့ KTV တွေပေါများလာပြီး လူငယ်အများစုဟာ ညဘက်တွေ အဲ့ဒီနေရာတွေမှာ အချိန်ကုန်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

#မကွေး #အုပ်စုဖွဲ့ #ရိုက်နှက်မှုဖြစ် #ဒဏ်ရာရ #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10