သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးမြို့ပေါ်မှာ ဩဂုတ် ၃ ရက် ဒီကနေ့ မနက်ပိုင်းမှာ စက်သုံးဆီဆိုင်အများစု ပိတ်ထားတာကြောင့် စက်သုံးဆီဝယ်ယူရခက်ခဲနေပြီး Denko တဆိုင်တည်းမှာသာ အကန့်အသတ်နဲ့ရောင်းချပေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ် ၁ ရက်ကစတင်ကာ မကွေးမြို့ပေါ်စက်သုံးဆီဆိုင်ကြီးတွေမှာ ဆီတန်းစီဝယ်ယူနေရတာကနေ ဒီကနေ့မနက်မှာ နတ်မောက်လမ်းပေါ်က Denko တဆိုင်တည်းမှာသာ ဆီဝယ်ယူရရှိတော့ကာ ကားတစီး ၃၀၀၀၀ ကျပ်၊ ဆိုင်ကယ်တစီး ၅၀၀၀ ကျပ်ဖိုးအထိ အကန့်အသတ်နဲ့ရောင်းချပေးနေမှုကို တန်းစီဝယ်ယူနေရတာလို့ ဆိုပါတယ်။
" မြို့ပေါ်မှာဆီဆိုင်ကြီး ၅ ဆိုင်ရှိတယ်။ ၄ ဆိုင်ပိတ်ထားတယ်။ တဆိုင်ပဲရှိနေတော့ ဆီရဖို့ မနက်အစောကြီးကတည်းက တန်းစီပြီးဝယ်ယူနေရတယ်"လို့ မကွေးမြို့ပေါ်နေပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
စက်သုံးဆီရောင်းချပေးနေတဲ့ Denko ဆီဆိုင်မှာလည်း ကားနဲ့ဆိုင်ကယ်တွေကို အထက်ပါပမာဏအတိုင်း အကန့်အသတ်နဲ့ရောင်းချနေကာ ပုံးတွေနဲ့လာရောက်ဝယ်ယူသူတွေအနေနဲ့ ဝယ်ယူမရသလို စက်သုံးဆီစျေးနှုန်းမှာ 92 တလီတာ ၂၈၇၀ ကျပ်နဲ့ 95 တလီတာ ၃၀၀၀ ကျပ်ဝန်းကျင်နှုန်းထားနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
“ လကုန်ရက်ကတည်းက ဖြစ်နေတာ ဒီနေ့အထိပဲ။ ၅၀၀၀ ဖိုးက ၂ လီတာတောင်မပြည့်ဘူး။ အဲ့ဒါရဖို့တောင် မနည်းတန်းစီရတယ်” လို့ မကွေးမြို့မှာနေထိုင်တဲ့ ဆိုင်ကယ်ပိုင်ရှင်အမျိုးသမီးတဦးကလည်း ပြောပါတယ်။
မကွေးတိုင်းထဲက တောင်တွင်းကြီး၊ မင်းဘူး၊ ဆင်ပေါင်ဝဲမြို့နယ်တွေမှာတော့ စက်သုံးဆီတွေကို တန်းစီဝယ်ယူရတာမျိုးမရှိဘဲ လိုသလောက်ဝယ်ယူရရှိနေပြီး ဆီစျေးနှုန်းကတော့ အခြားမြို့နယ်တွေထက် တလီတာ ကျပ် ၁၀၀ ကျော်မြင့်တက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ခန့်ကစပြီး ရန်ကုန်၊ မန္တလေးမြို့တွေအပါအဝင် မြို့ကြီးအများစုမှာ စက်သုံးဆီတွေပြတ်လပ်လာပြီး တန်းစီစောင့်ဆိုင်းကာ အကန့်အသတ်နဲ့သာ ဝယ်ယူနေရတာပါ။
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း- MAPT ကတော့ စက်သုံးဆီသင်္ဘောများ ရောက်ရှိနေပေမယ့် လတ်တလောကောလာဟလသတင်းများကြောင့် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သာမာန်မဟုတ်ဘဲ ၀ယ်လိုအားအထူးမြင့်တက်ခဲ့တာကြောင့် စက်သုံးဆီအရောင်းဆိုင်များမှာ ယာယီစက်သုံးဆီပြတ်လပ်မှုများကြုံတွေ့နေရတယ်လို့ ဩဂုတ် ၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ - မကွေးမြို့ နတ်မောက်လမ်းပေါ်ရှိ Denko ဆီဆိုင် (ပုံဟောင်း)။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #စက်သုံးဆီ #ပြတ်လပ် #တန်းစီဝယ်ယူ #သတင်း
Share Share Share