သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်းမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ ဇွန်လဆန်းပိုင်းလောက်က စတင်ပြီး VPN အပြင် UID စမတ်ကဒ်တွေပါ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယာဥ်ထိန်း၊ ရဲ၊ စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့တွေဟာ လမ်း ၅ သွယ်အဝိုင်းပတ်၊ မင်းဘူးအဝိုင်းပတ်၊ ကားကြီးကွင်းထောင့်၊ တောင်တွင်း-မကွေးဘက်ခြမ်း မကွေးမြို့ အဝင်၊ ကန်ပြား၊ မြို့တွင်းလမ်းပိုင်းတွေမှာ နေ့စဥ်နီးပါး မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာ စစ်ဆေးနေတာလို့ ဆိုပါတယ်။
"အရင်ကစစ်တာက ဆိုင်ကယ်နဲ့ပတ်သက်တာ မပြည်စုံရင်ဖမ်းတယ်။ ငွေတောင်းတယ်။ လက်နက်ပါ မပါစစ်တယ်၊ ဒီလောက်ပဲ။ အခုက ဖုန်းပါတောင်းစစ်တယ်။ VPN ပါရင် ငွေတောင်းပြီးသားပဲ။ ဒီကြားထဲ စမတ်ကဒ်ပါ တောင်းစစ်တယ်။ စမတ်ကဒ်နဲ့ပတ်သက်ပြီးတော့ ပါလား မပါရင် နောက်တစ်ခါလမ်းထွက်ရင်ယူလာ ဘာညာဆိုပြီး ပြောတာရှိတယ်"လို့ ဒေသခံတဦးကပြောပါတယ်။
အထက်ပါဒေသခံနဲ့ ရင်းနှီးသူတဦးဆိုလည်း အပြင်သွားချိန်စစ်ဆေးခံရပြီး ဖုန်းထဲမှာ VPN ရှိလို့ဆိုကာ ငွေတောင်းတဲ့အတွက် ပေးလိုက်ရတယ်လို့ ဆိုပါတယ်။
"ကျနော့်အသိတယောက်ဆို လမ်း ၅ သွယ်ဘက်သွားရင်း ဖုန်းစစ်ခံရတယ်။ VPN ဖုန်းထဲရှိနေလို့ဆိုပြီး ငွေတောင်းတာ ၂ သိန်းပေးခဲ့လိုက်ရတယ်"လို့ သူက ပြောပြပါတယ်။
စစ်ကောင်စီအဖွဲ့တွေဟာ ပြည်သူတွေအပေါ် နည်းပေါင်းစုံနဲ့ စစ်ဆေးမှုတွေ တင်းကျပ်လာတာကြောင့် လမ်းထွက် သွားလာရင်တောင် စစ်ကောင်စီအဖွဲ့ဝင်တွေကို တွေ့တာနဲ့ ကွေ့ပတ်သွားလာနေရပြီး စိတ်အနှောင့်အယှက်လည်း ဖြစ်ကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မှတ်ပုံတင်စမတ်ကဒ်(UID)ကိုလည်း စစ်ကောင်စီဘက်က အခမဲ့လှယ်လဲဖို့ ပြုလုပ်ခိုင်းထားပေမယ့် မကွေး လဝက ဝန်ထမ်းတွေက နည်းပေါင်းစုံနဲ့ ပန်းရောင်ကဒ်ကနေ စမတ်ကဒ်ပြောင်းချိန် ငွေကျပ် ၂၀၀၀၀ ကနေ ၅၀၀၀၀ ကျပ်ထိ တောင်းခံနေလို့ လူတိုင်း UID စမတ်ကဒ်မလုပ်နိုင်ကြသေးဘူးလို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း Facebook နဲ့ Twitter(X) အသုံးပြုခွင့်ကို စစ်ကောင်စီက ပိတ်ခဲ့လို့ VPN တွေ အစားထိုးအသုံးပြုခဲ့ကြရာက အဲဒီ VPN တွေကိုပါ ၂၀၂၄ မေ ၃၀ ရက်စတင်ကာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းမှာတော့ VPN တွေ သုံးစွဲပါက ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ ထောင်ချနိုင်ပြီး ဒဏ်ငွေကျပ်သိန်း ၅၀ ထိ ပေးဆောင်ဖို့ ရေးဆွဲထားတာကို တွေ့ရပါတယ်။
ပုံစာ - ၂၀၂၃ ၊ ဇန်နဝါရီ ၂ ရက်နေ့က မကွေးမြို့အဝင်မုခ်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို စစ်ဆေးနေစဉ် ။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စစ်ကောင်စီ #VPN #စမတ်ကဒ် #စစ်ဆေး #ဖမ်းဆီး
Share Share Share