မကွေးမှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီ ပယ်ဖျက်

မကွေးမှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီ ပယ်ဖျက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှာ စစ်ကောင်စီဘက်က သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ပယ်ဖျက်လိုက်တယ်လို့ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ပါတယ်။ 

အောက်တိုဘာ ၂၆ ရက်ကစတင်ပြီး အဆိုပါအမိန့်ကို စစ်ကောင်စီလက်အောက် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ပြီး ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

"လိုင်းပေါ်ကနေ ညမထွက်ရအမိန့် ပယ်ဖျက်တဲ့ စာတော့ တွေ့ရတယ်။ ကောင်းတာပေါ့ ခုလိုပယ်ဖျက်လိုက်တော့ မဟုတ်ရင် ဒေသခံတွေအတွက် အခက်ခဲဖြစ်နေတာ"လို့ မကွေးမြို့ခံတဦးက ပြောပါတယ်။ 

မကွေးမြို့မှာ ပစ်ခတ်ပေါက်ကွဲမှုက မရှိသလောက်ရှားပါးသလို ပွင့်လင်းရာသီရောက်လာလို့ ပွဲလမ်းသဘင်တွေ ကျင်းပနိုင်ဖို့ ပယ်ဖျက်လိုက်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မြန်မာတနိုင်ငံက မြို့ကြီးတွေမှာ ညမထွက်ရအမိန့်တွေကိုဖြေလျော့ကာ ပွဲလမ်းသဘင်တွေကို ပြန်လည်ကျင်းပပြီး အေးချမ်းနေတဲ့သဘောကို ပြသချင်နေတာလို့  မကွေးမြို့ခံတွေက ဆိုပါ တယ်။ 

"အဲ့အမိန့်ထွက်တယ်လို့တော့ ကြားတယ်။ ဒါပေမဲ့လည်း ညက ၁၂ နာရီကျော်လောက်ကြီး အမျိုးသား တယောက်ကို ဗိုလ်ချုပ်လမ်းပေါ်မှာ အပြင်ထွက်လို့ဆိုပြီး ဖမ်းသွားသေးတယ်" လို့ မကွေးမြို့ဒေသခံတဦးကပြောပါတယ်။

မကွေးမြို့မှာ ၂၀၂၂ ဇူလိုင်လလောက်ကတည်းက ည ၁၂ နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မကွေးမြို့ #စစ်ကောင်စီ #ညမထွက်ရအမိန့် #ပယ်ဖျက် #ပွင့်လင်းရာသီ #ပွဲလမ်းသဘင် #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10