မကွေးမှာ ရေကန်အတွင်း ရေဆင်းကူးတဲ့ ၆ တန်းကျောင်းသား ၂ ဦး ရေနစ်သေဆုံး

မကွေးမှာ ရေကန်အတွင်း ရေဆင်းကူးတဲ့ ၆ တန်းကျောင်းသား ၂ ဦး ရေနစ်သေဆုံး

မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာမှာ ရေကန်အတွင်း ရေဆင်းကူးတဲ့ ၆ တန်းကျောင်းသား ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၆ ရက် မနေ့ကနေ့လယ် ၁ နာရီကျော်အချိန်မှာ ဆားတိုင်ကန်ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၂ ဦးဟာ ကျေးရွာဘောလုံးကွင်း အနောက်ဘက် အနက် ၇ ပေခန့်ရှိ ရေကန်အတွင်းမှာ ရေဆင်းကူးနေစဥ် ရေနစ်သေဆုံးသွားတာလို့ ဆိုပါတယ်။

"ကလေး ၂ ယောက် ရေနစ်နေတာကို လမ်းသွားလမ်းလာတွေက တွေ့လို့ ပတ်ဝန်းကျင်အော်ဟစ်အကူအညီတောင်းပြီး ဆယ်ကြတာ။ ကလေးတွေက မနေ့က ကျောင်းပိတ်ရက်ဆိုတော့ သွားဆော့ကြတာနေမယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ​ပြောပါတယ်။

ကလေး ၂ ဦးရေနစ်နေတာကို ကျေးရွာနေပြည်သူတွေက ရေကန်အတွင်း ဝိုင်းဝန်းရှာဖွေရာ နာရီဝက်ခန့်အကြာမှာ အလောင်းတွေကိုသာ ပြန်လည်ဆယ်ယူရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၊  အ.မ.က (၁၈) မှ အသက် ၁၃ နှစ်အရွယ် မောင်စစ်နိုင်ဘုန်းနဲ့ မောင်သူရဇော် တို့ဖြစ်ပြီး သူတို့ရဲ့အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းကားတွေနဲ့ မကွေးဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဇွန်လ ၂၉ ရက်နေ့က မကွေးမြို့၊ အေးမြသာယာ မြောက်အောင်ပုံရှိ ရွှေလင်မျှော် ဘုရားအနီး ဧရာဝတီမြစ်အတွင်းမှာရေပြိုင်ကူးရာမှာ ကြွက်တက်လို့ လူငယ် ၁ ဦးရေနစ်သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ရေနစ်မှု #ကျောင်းသား၂ ဦး #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10