မကွေးလေတပ် ရှော့တိုက်ဒုံး ၅ လုံးနဲ့ပစ်ခတ်ခံရ၊ ဆီဂိုထောင်ထိမှန်ပြီး တပ်သားတချို့ထိခိုက်သေဆုံးဟုဆို

မကွေးလေတပ် ရှော့တိုက်ဒုံး ၅ လုံးနဲ့ပစ်ခတ်ခံရ၊ ဆီဂိုထောင်ထိမှန်ပြီး တပ်သားတချို့ထိခိုက်သေဆုံးဟုဆို

မကွေးမြို့အခြေစိုက်၊ မကွေးလေတပ်စခန်းဌာနချုပ်(ကလခ)ကို  ရှော့တိုက်ဒုံး ၅ လုံးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေတပ်တွင်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ မကွေးခရိုင် PDF တပ်ရင်း ၂ က တဆင့် သိရပါတယ်။

မကွေး-ကံပြား-ရေနံချောင်းကားလမ်းပေါ်မှာရှိတဲ့ မကွေးလေတပ်ကို ဇူလိုင် ၁၇ ရက် ဒီနေ့မနက်အစော ၁ နာရီဝန်းကျင်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ ၅ လုံးပစ်တာမှာ ၄ လုံး လေတပ်ထဲမှာကွဲတယ်လို့ သိရတယ်။ ၁ လုံး error တက်တယ်။ အဓိကပစ်တာက ပြေးလမ်းပစ်တယ်၊ ဆီဂိုထောင်ပစ်တယ်၊ ကင်းတဲဘက်ကိုပစ်တယ်” လို့ မကွေးခရိုင်တပ်ရင်း ၂ တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဆီဂိုထောင်နဲ့ ကင်းတဲထိမှန်ပေါက်ကွဲပြီး စစ်ကောင်စီ တပ်သားတွေထိမှန်သေဆုံးမှုရှိတယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

စစ်ကောင်စီမကွေးလေတပ် တိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးမှုတွေကို မြေလတ်အသံအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ရေးနဲ့ အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေပါတယ်။

မကွေးမြို့ခံတဦးကတော့ ဒီနေ့မနက်အစော ၁ နာရီဝန်းကျင်မှာ ပေါက်ကွဲသံကျယ်ကျယ်လောင်လောင်ကြားခဲ့ရပြီး ပေါက်ကွဲမှုအခြေအနေတွေကိုတော့ မသိရဘူးလို့ဆိုပါတယ်။

“ ည ၁၂ ခွဲ ၁ နာရီလောက် ပေါက်ကွဲသံအကျယ်ကြီး ၂ ခါကြားရတယ်။ အိမ်အမိုးသွပ်တွေပါတုန်တယ်။ ဒီမနက် လေတပ်နဲ့တဝိုက် ၃၁၇တို့ ဂေါက်ကွင်းတို့ သံချပ်ကာတပ်တွေဘက်မှာ ရှုပ်ယှက်ခတ်နေတယ်။ ခုလေးတင် လေတပ်ထဲမှာ ရဟတ်ယာဉ်တွေ အတက်အဆင်းတွေ လုပ်နေကြတယ်” လို့ မကွေးမြို့ခံတဦးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Mountain Knights Civilians Defense Force-MKCDF၊ မကွေးခရိုင်တပ်ရင်း၂၊ နတ်မောက်ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီးပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက် မနက်အစောပိုင်း ၁နာရီလောက်ကလည်း မကွေးလေတပ် ရှော့တိုက်ဒုံး ၃လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ လေတပ်ဝန်းနဲ့ စစ်မှုထမ်းဟောင်း အိမ်ယာဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

စာတည်း ‌- ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #လေတပ် #ရှော့တိုက်ဒုံး #ပစ်ခတ်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10