မင်းကင်းမြို့ ကံရွာက ပျူစောထီး‌တွေတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့

မင်းကင်းမြို့ ကံရွာက ပျူစောထီး‌တွေတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကံရွာကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၂၈ ရက် မနက် ၅ နာရီ၀န်းကျင်မှစတင်ပြီး ကံရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ချိန် ၄ နာရီအတွင်း ပျူစောထီးအဖွဲ့၀င် ၇ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးအထက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

"မနက်အစောကြီး ရွာထဲကို ပစ်ပြီး၀င်တိုက်တာ။ တချို့လက်နက်ကိုင် ပျူတွေက ထွက်ပြေးသွားတယ်။ သေတာကတော့ ၁၀ နီးပါးလောက်ရှိတယ်။ ဒဏ်ရာရတွေလည်း မနည်းဘူး"လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF) တပ်ဖွဲ့၀င်တဦးက မြေလတ်အသံ ကို ပြောပါတယ်။

ဒေသခံတော်လှန်ရေးရဲဘော်တွေ စုပေါင်းထားတဲ့ တပ်ပေါင်းစုအနေနဲ့ တိုက်ခိုက်ရေးကို အရင်ထက်ပိုပြီး အရှိန်မြှင့်တင်နေတာဖြစ်တဲ့အတွက် မင်းကင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီနဲ့ ၎င်းတို့ထောက်တိုင် ပျူစောထီးရပ်ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ၎င်းတို့နဲ့ဝေးရာနေရာတွေမှာ နေထိုင်ကြဖို့ SRF တပ်ရင်းမှူး ဆရာစံကလည်း အသိပေးထားပါတယ်။

အဲ့ဒီ ၄ နာရီကြာတိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ ၀င် တချို့သေဆုံးပြီး ဖမ်းဆီးရမိတဲ့ပျူတွေကို ကာကွယ်ရေးအဖွဲ့၀င်တွေက ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ပျူစောထီးခေါင်းဆောင်အချို့ရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ SRF တပ်ဖွဲ့၀င် က ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်တွင် SRF ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ၃ ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိပြီး ပျူစောထီးအဖွဲ့၀င်တွေဆီက လက်နက်ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးအဖွဲ့၀င်တွေဆီက M-2 ကာဘိုင် ၂ လက်၊ ပြောင်းချော ၂ လက်၊ 0.30 ကျည် ၁၉၃ တောင့်၊ ပြောင်းချောကျည် ၇၂ တောင့်၊ ကာဘိုင်ကျည်ဘောက် ၅ ခု၊ ဖုန်း ၂၈ လုံးနဲ့ ဆိုင်ကယ် ၇ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ တိမ်လွှာဒေါင်းမင်း ပကဖနဲ့ LPDF တွေပါ၀င်တဲ့ တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် SRF တပ်ဖွဲ့မှ ဒဏ်ရာရ ရဲဘော်များ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မင်းကင်း #ကံရွာ #ပျူစောထီး #တိုက်ခိုက်ခံရ #သေဆုံး #လက်နက်များရရှိ #SRF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10