မင်းကင်းမှာ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မြို့နယ်ပကဖက ခေတ္တခေါ်ယူထိန်းသိမ်း

မင်းကင်းမှာ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မြို့နယ်ပကဖက ခေတ္တခေါ်ယူထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အူကျေးရွာမှ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ခေတ္တခေါ်ယူထိန်းသိမ်းထားတယ်လို့ မြို့နယ်ပကဖ ဒုတာဝန်ခံ ကိုစက်ြာက ပြောပါတယ်။

ခေါ်ယူထိန်းသိမ်းခံရသူတွေဟာ အူကျေးရွာမှာရှိတဲ့ Upper Chindwin River Revolution Force-UCRRF မှ ရဲဘော်တွေဖြစ်ပြီး သူတို့ဟာ ရပ်ရွာပကဖတွေရဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်နှောင့်ယှက်တာ၊ လက်နက် စည်းကမ်းတွေကို နာမလည်ဘဲ ရပ်ရွာဝန်းကျင်တွေမှာ လက်နက်ကြီးပစ်ခတ်တာ၊ ဂိတ်ဖွင့်ပြီး ပိုက်ဆံကောက်ခံတာစတဲ့ တိုင်စာတွေလက်ခံရရှိတဲ့အတွက် အကြိမ်ကြိမ်သတိပေးပြီးတဲ့နောက်မှာ အခုလို ခေါ်ယူထိန်းသိမ်းတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ရပ်ရွာထဲ သင်တန်းတွေဖွင့် စည်းမဲ့ကမ်းမဲ့တွေလုပ်နေလို့ မြို့နယ်ပကဖအနေနဲ့ ဒါတွေ မလုပ်ဖို့ အကြိမ်ကြိမ်သွားရောက်ပြောတာတွေ ရှိပါတယ်။ ဂိတ်တွေဖွင့်တယ်၊ ပြည်သူတွေအပေါ်မှာ အဆင်မပြေမှုတွေဖြစ်အောင် တောင်းရမ်းတာတွေရှိတယ်” လို့  မင်းကင်းမြို့နယ်ပကဖ ဒုတာဝန်ခံ ကိုစက်ြာ ရှင်းပြပါတယ်။

UCRRF အဖွဲ့နဲ့နီးစပ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ ပြောကြားချက်အရ မင်းကင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပကဖတာဝန်ခံ ၄ ဦး အပါအဝင် လူ ၁၇ ဦးကို ဇူလိုင် ၂၂ ရက် မနက် ၈ နာရီကျော်မှာ မင်းကင်းမြို့နယ်ပကဖအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အူကျေးရွာကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇော်ဝင်းထွဋ်၊ ဒရုန်းတပ်ဖွဲ့ခေါင်းဆောင် ကိုအောင်ကျော်မျိုး၊ ရှားတောတိုက်နယ်ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံ ကိုကျော်မြင့်၊ ထမောင်းကျေးရွာ ပကဖတာဝန်ခံ ဦးမိုးသူ၊ ကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ အောင်ကျော်စိုး၊ ကိုမင်းကို၊ စိုးကြီး၊ ဇော်မျိုးဦး၊ အီပေါ့၊ ချစ်နောင်၊ ဝင်းနောင်၊ ထွန်းလင်းနိုင်၊ စိုင်းထူးအောင်၊ ကျော်သူအောင်၊ စိုးမောင်နဲ့ CDM ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးပပမွန်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

" မြို့နယ်ပကဖလက်အောက်ကို မဝင်တာရယ်၊ ရွာတွေမှာ စကစရဲ့ ပညာရေးအောက်မှာ ကျောင်းသွားထားတဲ့ ရွာထဲက မိသားစုတွေရှိတယ်ပေါ့။ အဲ့ဒါတွေက မြို့နယ်ပကဖကို အသိမပေးဘဲ လျှိုထားတယ်ပေါ့။ အဲဒီအကြောင်းပြချက် ၂ ခုနဲ့ဖမ်းတာ" လို့ မင်းကင်းမြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

မြေလတ်အသံသတင်းဌာနက မင်းကင်းမြို့နယ်ပကဖထံ ဆက်သွယ်မေးမြန်းရာမှာတော့ မင်းကင်းမြို့နယ်ပကဖ ဒုတာဝန်ခံ ကိုစက်ြာက “ အူမှာ အခြေစိုက်တဲ့အဖွဲ့ပါ။ အူရဲ့ ပကဖလည်းမဟုတ်ဘူး၊ ပအဖလည်း မဟုတ်ပါဘူး။ လိုကယ်(Local)လို့တောင် ပြောလို့ မရဘူးဗျ။ လိုကယ်အဖွဲ့အစည်းဆိုရင်တောင် ကျနော်တို့ရဲ့ မူဝါဒအရ ရပ်တည်မယ်ဆိုရင် မြို့နယ်ပကဖဆီမှာ သူတို့ရဲ့အဖွဲ့အစည်းနာမည်၊ လူ/လက်နက်အင်အားစာရင်း၊ ရပ်တည်မယ့် အကြောင်းအရင်းနဲ့လာပြီး စာရင်းပေးပြီးကာမှ မြို့နယ်ရဲ့ထိန်းကျောင်းကွပ်ကဲမှုအောက်မှာ ရပ်တည်ရတာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။ 

အဲဒီလက်နက်ကိုင်အဖွဲ့ကို ခေါ်ယူထိန်းသိမ်းတဲ့အချိန်မှာ ကျေးရွာ ပကဖ၊ ပအဖတွေကို အသိသက်သေအဖြစ် တပါတည်း ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ ၎င်းတို့(ကျေးရွာပကဖ၊ ပအဖ)ကို ပြန်ပို့ပေးပြီး သက်ဆိုင်ရာမိသားစုတွေထံ အကျိုးအကြောင်း ပြန်ရှင်းပြပေးဖို့ကိုလည်း ပြောခိုင်းလိုက်တယ်လို့  ကိုစက်ြာက ပြောပါတယ်။ 

“သူတို့ကို စစ်ဆေးနေဆဲကာလဖြစ်တယ်။ စစ်ဆေးတဲ့ကာလပြီးတာနဲ့ ပြန်လွှတ်ပေးမယ်ဆိုတဲ့အကြောင်းကို ရွာမှာလည်း အဲ့တိုင်းပြောခိုင်းလိုက်တယ်။ ရွာရဲ့ပကဖ၊ ပအဖအဖွဲ့တွေကို ကျနော်တို့မြို့နယ်က သက်သေ အထောက်အထားအနေနဲ့ သူတို့ကို ဘယ်လိုခေါ်ခဲ့တယ်၊ ဘယ်လိုပုံစံဆိုတာ သိအောင် ခေါ်လာတာပါ။” လို့ သူက ဆက်ရှင်းပြပါတယ်။ 

ခေါ်ယူထိန်းသိမ်းထားတဲ့သူတွေကို မင်းကင်းမြို့နယ်ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဦးညိုလွင်၊ ဒုတာဝန်ခံ ဇော်မင်း(ခ) စက်ြာ၊ တိုက်နယ်တာဝန်ခံ ကိုလှပွင့်နဲ့ ကိုတောက်၊ ရှားတောတိုက်နယ်တာဝန်ခံ အောင်ကျော်လင်း တို့က ခေါ်ယူသွားတာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းမှာ အခြေစိုက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကတော့ အညာဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စတဲ့လက်နက်ကိုင်အဖွဲ့တွေရှိကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တချို့ ဟာ ရပ်ကျေပကဖအဖွဲ့မှာလည်း ပါဝင်သလို ရပ်ရွာအခြေပြုဒေသကာကွယ်ရေးအဖွဲ့တွေမှာ ရောထွေးပါဝင်နေ ကြတာမျိုးတွေ ရှိတတ်တယ်လို့ ဆိုပါတယ်။ 

ပုံစာ - မင်းကင်းမြိုနယ်ပကဖမှ ခေါ်ယူစစ်ဆေးနေသည့် UCRRF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - UCRRF Facebook)

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မင်းကင်းမြို့ #အူကျေးရွာ #ပကဖ #UCRRF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10