မင်းကင်းမှာ အဓမ္မပြုကျင့်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား ၁ ဦး အသတ်ခံရ

မင်းကင်းမှာ အဓမ္မပြုကျင့်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အဓမ္မပြုကျင့်မှု ၃ ကြိမ်ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား ၁ ဦးကို မင်းကင်း PDF တပ်ရင်း ၃ က ဖမ်းဆီးခဲ့ပြီးနောက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ်၊ တောင်ကုန်းကျေးရွာက ဒေါ်သိန်းမြကို အဓမ္မပြုကျင့်မှု ၃ ကြိမ်ကျူးလွန်းခဲ့ တယ်လို့ ဒေါ်သိန်းမြရဲ့ တူဖြစ်သူက တိုင်ကြားတဲ့အတွက် တရွာတည်းနေ အသက် ၄၀ အရွယ် ဦးဝင်းရွှေကို အောက်တိုဘာ ၁၃ ရက် ည ၁၁ နာရီအချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မင်းကင်း PDF တပ်ရင်း ၃ မှ တပ်ရင်းမှူးဗိုလ်နောင်ရိုးက ပြောပါတယ်။ 

မုဒိမ်းမှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူဟာ ဖမ်းဆီးခံရပြီးနောက် အောက်တိုဘာ ၁၄ ရက် မနက် ၉ နာရီမှာ အသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

"ကိုဝင်းရွှေက သူ့ ညီမနဲ့ တောထဲမှာ စစ်ရှောင်နေတာ။ အဲဒီကနေ အဖမ်းခံလိုက်ရတာ။ သူ့အလောင်းကိုတော့ အုံနှဲဘုတ်ရွာက သုဿာန်မှာတွေ့ခဲ့ရတာ" လို့ သေဆုံးသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးဝင်းရွှေ ဖမ်းဆီးခံရတဲ့နေ့မှာ ၎င်းကိုရိုက်နှက်တာတွေပြုလုပ်ပြီး အဓမ္မပြုကျင့်မှု ၃ ကြိမ် ကျူးလွန်သူဖြစ် ကြောင်း အတင်းအကြပ်ဝန်ခံခိုင်းခဲ့တယ်လို့ မင်းကင်း PDF တပ်ရင်း ၃ နဲ့ နီးစပ်သူ PDF ရဲဘော်တဦးက ပြောပါတယ်။

မင်းကင်း PDF တပ်ရင်း ၃ မှ တပ်ရင်းမှူးဗိုလ်နောင်ရိုးကတော့ ဦးဝင်းရွှေကို ၎င်းတို့ တပ်ရင်းအနေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာမှန်ပေမယ့် ဦးဝင်းရွှေသေဆုံးမှုဟာ တပ်ရင်းနဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပြောပါတယ်။

ဦးဝင်းရွှေကို တပ်ရင်း ၃ မှာ ထိန်းသိမ်းစစ်ဆေးစဥ် သူ့အနေနဲ့ အဓမ္မပြုကျင့်မှု မကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ ပြီးနောက် တပ်ရင်း ၁ ဆီ လွှဲပြောင်းပေးခဲ့ကြောင်း၊ တပ်ရင်း ၁ က ဦးဝင်းရွှေကို ဆက်လက်စစ်ဆေးရာ သူဟာ (ဒေါ်သိန်းမြ)ကို အဓမ္မ ၃ကြိမ်ပြုကျင့်ခဲ့တယ်ဆိုပြီး ဝန်ခံခဲ့တယ်လို့ တပ်ရင်းမှူး ဗိုလ်နောင်ရိုးက ပြောပါတယ်။

"ဦးဝင်းရွှေကို စီရင်လိုက်တဲ့ တပ်ရင်းဆီကိုလွှဲပေးလိုက်တာ။ တပ်ရင်း ၁ ဆီကို" လို့ သူက ပြောပါတယ်။

အသတ်ခံခဲ့ရသူ ဦးဝင်းရွှေမှာ အရင်ကအဓမ္မပြုကျင့်တဲ့ အမှုအခင်းမရှိသလို စစ်ကောင်စီတပ်ကို သတင်းပေးသူ (ပျူစောထီး) မဟုတ်ဘဲ မင်းကင်း PDF တပ်ရင်း ၃ အပြင် အခြားတပ်ရင်းတပ်ဖွဲ့တွေကို ဆန်၊ဆီ၊ ဆား စတဲ့ ရိက္ခာထောက်ပံ့မှုတွေပြုလုပ်နေသူတဦးသာဖြစ်တယ်လို့ မိသားစုဝင်နဲ့နီးစပ်သူက ဆက်ပြောပါတယ်။

ဦးဝင်းရွှေအခုလို မတရားအသတ်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနှိုင်ရေးအတွက် မိသားစုဝင်တွေက မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့နဲ့ သက်ဆိုင်ရာစစ်ဒေသအဖွဲ့အစည်းတွေကို အောက်တိုဘာ ၂၃ ရက်က တိုင်ကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးညိုလွင်ကို မြေလတ်အသံက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုမှုမရှိခဲ့ပါဘူး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မင်းကင်း #အရပ်သား #အသတ်ခံရ #အဓမ္မ #စွပ်စွဲချက် #PDF #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10