မင်းတပ်က စခန်းစွန့်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဆောမှာဖမ်းခံရ

မင်းတပ်က စခန်းစွန့်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဆောမှာဖမ်းခံရ

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းကနေ စခန်းစွန့်ခွါထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားအချို့ကို ဆောမြို့နယ်၊ ရေရှင်ကျေးရွာအနီးမှာ ယောဗျူဟာစစ်ကြောင်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ဦးအပါအဝင် တပ်သား ၆ ဦးနဲ့ မိသားစုဝင် ၆ ဦးကို ဆောမြို့နယ်၊ ရေရှင်ကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ ယောဗျူဟာစစ်ကြောင်းက ဖမ်းဆီးခဲ့တာပါ။

"နေ့မနားညမနား ပြေးခဲ့ကြတာပေါ့။ လက်နက်တွေလည်း ကျပျောက်ခဲ့ပြီပြောတယ်။ လက်ရှိမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်။"လို့ ယောဗျူဟာရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

အသက်မပြည့်သေးသူ ကလေးငယ် ၃ ဦးပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုတွေဟာ စခန်းစတင်စွန့်ခွာထွက်ပြေးစဉ်က တခြားသူတွေနဲ့ အုပ်စုတွေကွဲခဲ့ကြပြီး နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို ရှောင်ရှားနိုင်ဖို့ ညအချိန်တွေပါ ခရီးဆက်ခဲ့ရတယ်လို့ သိရပါတယ်။

"ပထမရက်က ၁၀ ဦးမိတာပေါ့၊ သူတို့ကိုစစ်မေးချက်အရ အုပ်စုကွဲနေသူတွေကျန်သေးတယ်ကြားလို့ လိုက်ရှာဖမ်းတော့ ၂ ဦးထပ်မိတယ်။" လို့ ဆက်ပြောပါတယ်။

ကျောက်ထုမြို့အမြောက်တပ်ကို ဦးတည်ပြေးကြတာဖြစ်ပြီး ဆောမြို့နယ်ထဲမှာရှိတဲ့ ကပစ ၂၅ နဲ့ ကျောက်ထုအမြောက်တပ်တို့ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးများ ပစ်ခတ်လမ်းရှင်းပေးခဲ့တာရှိပေမယ့် စစ်ကြောင်းထွက်ပြီးလိုက်ရှာတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး စတင်ကြောင်းကြေညာပြီး မင်းတပ်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ  ၉ ရက်က စတင်ကာ ဒီဇင်ဘာ ၂၁ ရက်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းညီနောင်(Chin Brotherhood) ကကြေညာထားပါတယ်။ 

ချင်းပြည်နယ်မှာ စစ်ရေးအရှိန်ပြင်းထန်နေချိန်မှာ စစ်ရှုံးနိမ့်ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်မြေချင်းထိစပ်ရာ ဂန့်ဂေါခရိုင်၊ ယောဒေသကို တဖြည်းဖြည်းစိမ့်ဝင်လာနေကြတဲ့အတွက် ဒေသခံတွေ သတိထားနေကြရတယ်လို့ သိရပါတယ်။

သတင်း - Razor၊ စာတည်း - JCG

#မြေလတ်အသံ

#မင်းတပ် #စခန်းစွန့် #စစ်တပ် #ထွက်ပြေး #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10