သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုးဝရွာအပြင်ဘက်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ဦးကျော်သေဆုံးထားကာ လက်နက်တွေကိုလည်း သိမ်းဆည်းရမိတယ်လို့ မြေပြင်တော်လှန်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၆ ရက်မနက် ၅ နာရီကျော်မှာ သရက်မြို့ဘက်ကနေ မင်းတုန်းမြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ ကပစ ၁၂၊ တမခ ၈၈၊ ခလရ ၄၄ ပူးပေါင်းတပ်တွေမှ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
"စကစ အလင်းဝင်တာမဟုတ်ဘူး။ စစ်ကြောင်းကို တိုက်ခဲ့တာ။ ရန်သူဘက်က အကျအဆုံးများတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာတွေလည်းရှိတယ်။ စစ်ကြောင်းကတော့ ဖရိုဖရဲဖြစ်သွားတယ်။” လို့ မြေပြင်တိုက်ခိုက်ရေးမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးထားတဲ့ အလောင်းတွေကိုရရှိထားပြီး လက်နက်ခဲယမ်းတွေလည်း အများအပြားသိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီအဖွဲ့တွေကိုင်ဆောင်တဲ့ စက်လတ် ၁ လက်၊ MA 7 ၁ လက်၊ BA ၁၀၀ ၁ လက်၊ MA 4 ၁ လက်၊ MA series ၇ လက်၊ ဒရုန်းအချို့ကိုရရှိထားပြီး သိမ်းဆည်းရမိစာရင်းက ဒီထက်ပိုများနိုင်တယ်လို့ နောက်ထပ်မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ ညနေပိုင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ကာ အသေးစိတ်အခြေနေကိုတော့ မသိရှိရသေးပါဘူး။
နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်းမှာတော့ တိုက်ပွဲထပ်ဖြစ်တာမျိုးမရှိသေးဘဲ တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်လို့ ပြန့်ကျဲသွားတဲ့ စစ်ကောင်စီအဖွဲ့က ပြန်လည်အင်အားစုစည်းနေတာတွေရှိလို့ စစ်ရေးတင်းမာနေဆဲ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။
"လက်ရှိ စစ်ကြောင်းထပ်ဝင်နေတာ ရှိသေးတယ်။ စစ်ရေးက မတည်ငြိမ်သေးဘူး။ နောက် သတင်းထုတ်ပြန်ပေးပါ့မယ်။ စကစဘက်က ပြန်စုဖွဲ့ပြီးတော့ စစ်ကြောင်းထိုးတာတွေ ရှိနေသေးတယ်။"လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကတော့ မင်းတုန်းတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက် ၃၀ ကျော် သေဆုံးထားကာ MA 7 ပြောင်းရှည်အပါအဝင် သေနတ် ၁၁ လက်သိမ်းဆည်းရမိပြီး ဒရုန်းတွေကိုပါ သိမ်းဆည်းလာနိုင်တယ်ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြရေးသားထားပါတယ်။
ပုံစာ - စစ်ကောင်စီ စစ်ကြောင်းတခုအား တွေ့ရစဉ်။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #မင်းတုန်း #စစ်ကောင်စီ #တိုက်ပွဲ
Share Share Share