မင်းတုန်းနယ်က အများပြည်သူသုံးတဲ့လမ်းတွေမှာ စစ်ကောင်စီက မိုင်းတွေထောင်

မင်းတုန်းနယ်က အများပြည်သူသုံးတဲ့လမ်းတွေမှာ စစ်ကောင်စီက မိုင်းတွေထောင်

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာမှာ တပ်စွဲဖို့လုပ်နေတဲ့ စစ်ကောင်စီက ကျေးရွာတဝိုက်နဲ့ အနီးအနားက လမ်းတွေမှာ မိုင်းတွေလိုက်ထောင်နေလို့ ဒေသခံတွေ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။

တောင်ပေါ် အရှိုချင်းရွာတွေဖြစ်တဲ့ ဝက်ကော်၊ ရင်းကောက်၊ ငကုန်း၊ ကံကြော၊ ဇာလီ၊ ရှောက်လန် စတဲ့ရွာနားက အများပြည်သူအသုံးပြုတဲ့ ရွာချင်းဆက်လမ်းတွေမှာ ကားမိုင်း၊ M2မိုင်း(တဆင့်ချိုင့်အရွယ်ရှိ မိုင်းအလတ်)နဲ့ နင်းမိုင်းတွေ ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“တောင်ယာသွားတဲ့လမ်းတွေ၊ သစ်ထုတ်တဲ့လမ်းတွေ၊ နွားပို့တဲ့လမ်းတွေမှာ ထောင်ထားတာ။ စစ်ရေးပစ်မှတ် နေရာတွေလည်း မဟုတ်ဘူး။ အများပြည်သူ သွားတဲ့လမ်းတွေ၊ လမ်းဆုံတွေဆို ပိုထောင်တယ်။ မလွတ်အောင်ပေါ့၊ ဒီကောင်တွေက ပျိုးကြဲသလိုပဲ မိုင်းကွင်းတကွင်းကို ၂၅ လုံးလောက် ထောင်ထားတာ။ အဲ့မိုင်းတွေနင်းမိလို့ အသက်ဆုံးရှုံးခဲ့တာတွေ ရှိတယ်။” လို့ ဒေသခံရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီက မင်းတုန်းမြို့ကနေ မိုင် ၂၀ အကွာမှာရှိတဲ့ ပြောင်းကျေးရွာက ဘုန်းကြီးကျောင်းမှာ ဖေဖော်ဝါရီ လထဲက အင်အား ၄၀ ကျော်နဲ့ စတင်တပ်စွဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။

မိုးတွင်းကာလမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လာရောက်တိုက်ခိုက်တာကို ကာကွယ်ဖို့ ခုလို ကျေးရွာ လမ်းပိုင်းတွေအထိ ကာမိုင်းတွေဆင်နေတာဖြစ်တယ်လို့ ဒေသခံရဲဘော်တဦးက သုံးသပ်ပါတယ်။

အဆိုပါ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေကြောင့် မေလလယ်မှာ ပြည်သူ ၁ ဦး အသက်သေဆုံးခဲ့ကာ ၂ ဦး ခြေလက်ပြတ်ခဲ့ရပြီး ကျွဲနွားတွေလည်း ခြေလက်ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

UNICEF (ယူနီဆက်)ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ပထမသုံးလတာကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ထိခိုက်ခံစားရသူအရေအတွက် ၃၃၆ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်နယ်ဟာ ထိခိုက်ခံစားရသူအရေအတွက်အများဆုံးဖြစ်ကာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ပါက ရှမ်းပြည်နယ်က ၂၅ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းက ၁၉ ရာခိုင်နှုန်းနဲ့ ပဲခူးတိုင်းက ၁၂ ရာခိုင်နှုန်းရှိတယ်လို့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပုံစာ - ဆားလင်းကြီးမြို့နယ်အတွင်း တူးဖော်ရရှိခဲ့သည့် စစ်ကောင်စီတပ်သုံး နင်းမိုင်းများ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မင်းတုန်းမြို့နယ် #ပြောင်းကျေးရွာ #စစ်ကောင်စီ #မိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10