မင်းတုန်းနယ် ရခိုင်ရိုးမအစပ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ ၇ ဦးခန့် သေဆုံး

မင်းတုန်းနယ် ရခိုင်ရိုးမအစပ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ ၇ ဦးခန့် သေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ရခိုင်ရိုးမအစပ်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၉ နာရီကျော်ခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇ ဦးခန့်သေဆုံးနိုင်တယ်လို့ သရက်ခရိုင်၊ အမှတ် (၄) တပ်ရင်း Eagle Force အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်ကတည်းက မင်းတုန်း(၅)မိုင်ဂိတ်ကနေ ရခိုင်ရိုးမအစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဆီ Faw ကား ၂ စီးနဲ့ စစ်ကူလာရောက်တဲ့ အင်အား ၃၀ ခန့်ကို ကြို့၀၊ ကာမနိုင်ရွာအနီး ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ တပ်ရင်း ၄ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ပြောပါတယ်။

“ သူတို့ဘက်က ဖောကား ၂စီးနဲ့ အင်အား ၃၀ခန့်ပါတဲ့ စစ်ကြောင်းက အသင့်စောင့်နေတဲ့နေရာကိုလာလို့ ကြားဖြတ်တိုက်တာပေါ့၊ မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲတယ်၊ ၄၀ မမ ၃ လုံး RPG ၁ လုံး ပစ်ထည့်ပြီး ၅ မိနစ်လောက် အပြန်လှန်ပစ်တာတွေ ရှိတယ်၊ ပစ်ပြီး ပြန်ဆုတ်လာတဲ့အခါမှာတော့ တိုက်ပွဲတွင်းမှာ ကျနော်တို့ မြင်ခဲ့ရတဲ့ အကျက ၆ ယောက် ၇ ယောက်လောက်ရှိမှာပေါ့၊ ဒေသခံသတင်းပေးချက်အရ ထိတဲ့ထဲမှာ အရာရှိပါတယ်။" လို့ ကိုမြတ်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းမှာ အင်အား ၁၅၀ ခန့်ပါဝင်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ၄၀ မမ၊ RPG တို့နဲ့ပစ်ခတ်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ မင်းတုန်းဆေးရုံကိုရောက်လာတာတွေရှိသလို ကပစ ၁၂ နဲ့ မကွေးကို ပို့လိုက်ရတာလည်းရှိပြီး သေဆုံးသူတွေကိုတော့ ၅ မိုင်ပတ်ဝန်းကျင်မှာပဲ မြေမြှုပ်တယ်လို့ သိရတယ်လို့ ကိုမြတ်က ဆက်ပြောပါတယ်။

"ကျနော်တို့ ဒေသက ဖောကားတစီးကို ချောဆွဲသွားတာရှိတယ်။ အဲ့ကားက ပျက်စီးသွားပြီ။ နောက် အဲ့အနားက ရွာသားတဦးကို ဖမ်းသွားတာရှိတယ်။ မိုင်းထောင်သံသယနဲ့ပေါ့။ နောက်ရက် လက်နက်ကြီးပစ်သံတွေလည်း ကြားရတယ်" လို့ မင်းတုန်းဒေသခံတဦး ကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် (၄)တပ်ရင်း (Eagle Force)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့မှ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

မင်းတုန်းမြို့နယ်နဲ့ မင်းလှမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ရှင်းလင်းခံရတာတွေကြောင့် အုပ်ချုပ်ရေးမှူး တချို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

#မြေလတ်အသံ

#မကွေးတိုင်း #သရက်ခရိုင် #မင်းတုန်းမြို့နယ် #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #တော်လှန်ရေးအင်အားစု #ပကဖ #အုပ်ချုပ်ရေး #ရခိုင်ရိုးမ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10