သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၅၀ ကျော်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီကျော်မှာ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက ငါးမိုင်ကျေးရွာဘက်ကနေ ရွာသစ်ရွာကိုရောက်လာပြီး မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
"ရွာကတော့ ၃ ပုံ ၂ ပုံလောက် မီးလောင်သွားတယ်ဆိုတော့ ၁၅၀ လောက်ကုန်သွားတယ်။ ရွာအနောက်ပိုင်းကနေ စရှို့တာ။ အဲ့ဘက်ခြမ်းက အိမ်ကြီးအိမ်ကောင်းတွေများတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးပတ်မှာ ကြိုးဝရွာကိုဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ရွာသစ်နဲ့ ကြိုးဝရွာကြားမှာတိုက်ပွဲဖြစ်ချိန် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများခဲ့တာကြောင့် အင်အားပြန်ဖြည့်ပြီး ရွာကိုမီးပြန်ရှို့တာဖြစ်နိုင်တယ်လို့ သူကခန့်မှန်းပါတယ်။
နိုဝင်ဘာ ၂၆ ရက် မနက် ၅ နာရီလောက်မှာ ကပစ ၁၂၊ တမခ ၈၈၊ ခလရ ၄၄ က တပ်သားတွေပါဝင်တဲ့ အင်အား ၁၀၀ ပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးမှာပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မြေလတ်အသံကို ဖြေဆိုခဲ့ပါတယ်။
ရွာသစ်ရွာကိုမီးရှို့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၇ ရက် ဒီမနက်ပိုင်းအထိ ရွာသစ်နဲ့ ကြိုးဝရွာကြားမှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။
ရွာသစ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်နဲ့ လူဦးရေ ၇၀၀ ကျော်ရှိပြီး ၂၀၂၃ မတ်လလောက်ကတည်းက ရွာအနီးဝန်းကျင်ကို စစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးလေ့ရှိတဲ့အတွက် ဒေသခံအများစုကတော့ နေရပ်ကတိမ်းရှောင်နေခဲ့ကြတာလို့ ဆိုပါတယ်။
အဲ့ဒီအချိန်ကတည်းက ဒေသခံ ၁၀၀ လောက်သာ ရွာမှာနေထိုင်နေကြပြီး မနေ့ကမီးရှို့ချိန်မှာ အားလုံး ရွာကတိမ်းရှောင်နေကြရပြီလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
အလားတူ မြောက်ပြင်၊ ကြိုးဝ၊ ကမ်မနိုင် စတဲ့ကျေးရွာတွေကဒေသခံတွေလည်း ရွာကတိမ်းရှောင်နေကြပြီး ရွာထဲကို လိုအပ်တဲ့ပစ္စည်းတွေပြန်ယူသူနဲ့ နေအိမ်သန့်ရှင်းရေးပြန်လုပ်သူတချို့သာ ယာယီ ပြန်နေထိုင်တာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မင်းတုန်း #ရွာသစ် #စစ်ကောင်စီ #မီးရှို့ #နေအိမ်
Share Share Share