မင်းတုန်းမြို့နယ်က ဆရာမတွေကို ဖမ်းပြီး သိန်း၂၀နဲ့ ရွေးခိုင်းတာ မဟုတ်ဘူးလို့ PDF ငြင်းဆို

မင်းတုန်းမြို့နယ်က ဆရာမတွေကို ဖမ်းပြီး သိန်း၂၀နဲ့ ရွေးခိုင်းတာ မဟုတ်ဘူးလို့ PDF ငြင်းဆို

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ တိုင်တားကျေးရွာစာသင်ကျောင်းက Non CDM ဆရာ၊ ဆရာမတွေကို မကွေး PDF က ဖမ်းဆီးကာ သိန်း ၂၀ နဲ့ ပြန်ရွေးခိုင်းတယ်ဆိုတဲ့သတင်းက မှားယွင်းနေကြောင်း စွပ်စွဲခံရတဲ့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

Magway PDF တပ်ဖွဲ့ဟာ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ကာ တော်လှန်ရေးလှုပ်ရှားမှုအားနည်းနေသေးတဲ့ သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၃ ရက်က ခုန်တိုင်ကျင်းကျေးရွာက စစ်ကောင်စီ စာသင်ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကလေးမိဘတွေကို စစ်ကောင်စီနဲ့ မပူးပေါင်းကြဖို့၊ CDM လုပ်ကြဖို့ စကားပြောဆိုပြီး ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် အရေးမယူဘဲ သတိပေးစကားပြောပြီးသာ ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၈ ရက် ညနေ ၃ နာရီမှာ ခုန်တိုင်ကျင်းရွာနဲ့ ၅မိုင်ခန့်အကွာမှာရှိတဲ့ တိုင်တားရွာကိုသွားကာ Non CDM ဆရာ၊ ဆရာမ ၁၅ ဦးကို သတိပေးစကားပြောဆိုခဲ့ပြီး အရေးယူဖို့လုပ်ပေမယ့် နှစ်ဖက်ညှိနှိုင်းကာ အမှားအတွက် တာဝန်ယူတဲ့အနေနဲ့ တော်လှန်ရေးကို ကူညီငွေပေးမယ်ဆိုတာကြောင့် လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အစကသာ ခုလိုဖြစ်မယ်သိရင် သူတို့လှူတာကို လုံး၀လက်ခံခဲ့မှာ မဟုတ်ဘူး။ ခုဟာက သူတို့ပဲ နိုင်ငံရေးကို နားလည်သဘောပေါက်သွားပြီမို့ လှူမယ်ဆိုပြီး သူတို့ဘာသာ နောက်ရက်မှ လာလှူသွားကြတာ။ အဲလိုလှူပြီးမှ မဟုတ်မမှန် ငွေနဲ့ရွေးခိုင်းတယ်ဆိုပြီး သတင်းဖြန့်တော့ စိတ်မကောင်းဘူး” လို့ Magway PDFတာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။

အဲဒီပညာရေး ဝန်ထမ်းတွေကို ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီကျော်မှာပဲ ချက်ချင်းပြန်လွှတ်ပေးခဲ့ကာ နောက်တနေ့မှ အလှူငွေလက်ခံခဲ့တာဖြစ်ကာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး ငွေနဲ့ ပြန်ရွေးခိုင်းခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဆိုပါ ကျေးရွာတွေဟာ အခုအချိန်ထိ စစ်ကောင်စီလုပ်ငန်းတွေ လည်ပတ်နေဆဲဖြစ်ပြီး ရွာတိုင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရှိကာ စစ်သားအနည်းငယ်လောက်နဲ့ လှည့်ပတ်သွားလို့ရတဲ့ထိ စစ်တပ်အားကောင်းကာ တော်လှန်ရေးနောက်ကျနေတဲ့ ဒေသတွေဖြစ်တယ်လို့ သိရပါတယ်။

“Non တွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ နောက်ဆုံးထားပြီး ဒီနယ်မြေထဲက ထွက်ခွာဖို့ သူတို့ထုတ်ပြန်ထားတယ်။ အဲထုတ်ပြန်ချက်အတိုင်း လုပ်တဲ့ပုံစံမှာရှိပါတယ်။ ကျတော်တို့သိတာတော့ ဆရာ၊ ဆရာမတွေကို ဖမ်းတယ်။ နိုင်ငံရေးတရားဟောတယ်။ ပြည်သူ့ဘက်ကို ပူးပေါင်းဖို့ ဟောတယ် ပြီးတော့ပြန်လွှတ်တယ်။ အဲ့လိုကြားရ တာပေါ့။” လို့ သရက်ခရိုင်အတွင်းက တခြားအဖွဲ့တခုက ပြောပါတယ်။

ပုံစာ- Magway PDF တပ်ဖွဲ့ မြေပြင်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မင်းတုန်းမြို့နယ် #တိုင်တားကျေးရွာ #စာသင်ကျောင်း  #NonCDM #ဆရာ #ဆရာမ #မကွေး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10