မင်းတုန်းမြို့နယ် ငကုန်းကျေးရွာအနီး တိုက်ပွဲများဖြစ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်

မင်းတုန်းမြို့နယ် ငကုန်းကျေးရွာအနီး တိုက်ပွဲများဖြစ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသလို စက်သေနတ်နဲ့ ပစ်ခတ်တာတွေ ပြုလုပ်သွားတယ်လို့ ဒေသအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ယမန်နေ့ မေ ၁၆ ရက် နံနက်ပိုင်းက ဂျက်ဖိုက်တာနဲ့ ဗုံး ၇ လုံးကြဲကျခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ နေရာဟာ စစ်ရှောင်တွေ နေထိုင်ရာနေရာလည်း ဖြစ်သလို တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားသွားလာရာနေရာလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဗုံးကြဲတဲ့ဖြစ်စဉ်က မှန်ပါတယ်။ ပထမရက်တိုက်ပွဲမှာ ရဲဘော်မှာ တယောက်ကျတယ်။" လို့ ဒေသတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုက တာဝန်ရှိသူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်ကလည်း အဲဒီဒေသဘက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး ရဲဘော်၁ ဦးကျဆုံးခဲ့ကာ ယမန်နေ့ကဗုံးကြဲမှုဖြစ်စဉ်ရဲ့ ထိခိုက်မှုကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ ငကုန်းနဲ့ အနီးတဝိုက်ကို စစ်ကောင်စီက တပ်စွဲထားပြီး နယ်မြေရှင်းလင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ငကုန်းနဲ့ အနီးတဝိုက် ရခိုင်ရိုးမတောင်ခြေမှာ မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး ရခိုင်ပြည်နယ်ဘက်ကို ဝင်ရောက်နိုင်တဲ့ တောလမ်းလည်းဖြစ်တဲ့အတွက် စစ်ကောင်စီက နယ်မြေစိုးမိုးမှု အသာစီးရယူထားချင်တဲ့ဒေသလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ငကုန်းကျေးရွာဟာ မင်းတုန်းမြို့အနောက်တောင်ဘက် တောင်ကုန်းတောင်တန်းထူထပ်တဲ့ နေရာမှာရှိပြီး အိမ်ခြေ ၁၀၀ ခန့်နဲ့ လူဦးရေ ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပုံစာ - မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာ လမ်းပိုင်းတနေရာကို တွေ့ရစဉ်။

#မြေလတ်အသံ

#မင်းတုန်း #ငကုန်းကျေးရွာ #တိုက်ပွဲ #လေကြောင်းတိုက်ခိုက် #အရှိုချင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10