မင်းတုန်းမှာ တိုက်ပွဲတွေဖြစ် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး PDF စခန်းမီးရှို့ခံရလို့ သိန်း ၄၀၀ ဖိုးခန့်ဆုံးရှုံး

မင်းတုန်းမှာ တိုက်ပွဲတွေဖြစ် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး PDF စခန်းမီးရှို့ခံရလို့ သိန်း ၄၀၀ ဖိုးခန့်ဆုံးရှုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂ ရက်ကနေ ၄ ရက်အထိ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ PDF တပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က မင်းတုန်းကနေ ဖောကား ၂ စီးနဲ့ လာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်ဖျာလည်ရွာမှာ ပျူစောထီးဖွဲ့ဖို့အတွက် ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်တပ်ထောက်ခံသူအချို့နဲ့ အစည်းအဝေးပြုလုပ်ပြီးနောက် ညနေ ၃ နာရီခန့်စစ်ကြောင်းထိုးလာချိန် ဘိုင်းကျေးရွာနဲ့ အောင်ချမ်းသာရွာကြားမှာ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ MAGWAY PDF တာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။

"အနီးကပ်တိုက်ပွဲမှာ ကျနော်တို့ဘက်က ချုံခိုတိုက်တာဖြစ်တဲ့အတွက်ကြောင့် အရာရှိ ၁ ယောက်ပါတယ်။ နောက်ပြီးတော့ တပ်စိတ်မှူးအဆင့်ဖြစ်မယ်ထင်တယ် တပ်ကြပ်တယောက်ပါတယ်။ ရဲဘော် ၄ ယောက်ရယ် ရှေ့ဆုံးမှာ အင်္ကျီအပြာရောင်နဲ့ လမ်းပြတယောက်ပါမယ်။ အဲ့ဒီ ၇ ယောက်ကတော့ နေရာမှာတင်ပဲ သေဆုံးသွားတယ်လို့ သတင်းရတယ်။ နောက်ပြီးတော့ ၈ ယောက်လောက် ဒဏ်ရာရကြတယ်။လက်မောင်းတွေထိတာတွေ ပေါင်တွေထိတာတွေ ပုခုံးတွေ နားရွက်တွေကပ်ထိတာတွေရှိတယ်။" လို့ ကိုဗဟိန်းက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး အနီးနားမှာရှိတဲ့ အောင်ချမ်းသာရွာဘက်ကို စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်ကာ မွှေနှောက်ဖျက်ဆီး ယူဆောင်တာတွေ လုပ်ပြီး သေဆုံး စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေကို ညတွင်းချင်း မီးသင်္ဂြိုဟ်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာတော့ တိုင်တားကျေးရွာမှာ ပျူစောထီးဖွဲ့ဖို့ ဆွေးနွေးမှုပြုလုပ်ပြီး စစ်အင်အားဖြည့်တင်းကာ ဖေဖော်ဝါရီ ၄ ရက်နံနက် ၈ နာရီဝန်းကျင်မှာ ၇ မိုင်အကွာမှာရှိတဲ့ မိုးသောက်ရွာအနီးကို တောလမ်းအတိုင်း လာရောက်ကာ PDF ယာယီစခန်းတခုကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"ကျနော်တို့ဘက်က သတိထားမိပြီးတော့ မသင်္ကာလို့ကြည့်ရင်းကနေ သူတို့တွေကိုတွေ့လိုက်တဲ့အခါမှာ ကိုယ့်ဘက်ကနေစပြီးတော့ လက်နက်ကြီးနဲ့ပစ်ပြီး တိုက်ပွဲဖြစ်တယ်။ သူတို့က ဝိုင်းထားပြီးသားလည်းဖြစ်တယ်။ အင်အားလည်းများတယ်။ လက်နက်ကြီး လက်နက်ငယ်ကလည်း လုံးဝမရပ်တန်း တရစပ်ပစ်တဲ့အတွက် ဘယ်လိုမှအဆင်မပြေခဲ့တဲ့အဆုံး စခန်းကိုစွန့်ခွာပြီးတော့မှ ကျနော်တို့တတွေ ဆုတ်ပေးခဲ့ရတယ်" လို့ ကိုဗဟိန်းကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ PDF စခန်းက ဆိုင်ကယ် ၈ စီး၊ ဆန် ၃၀ အိတ်၊ မီးစက် ၁ လုံး၊ ဖုန်း ၁၁ လုံး၊ အခြား အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အ၀တ်အစား၊ အခြားအသုံးဆောင်များအပြင် ခဲယမ်းစတဲ့ ပစ္စည်းတန်ဖိုး မြန်မာကျပ်ငွေ သိန်းပေါင်း ၄၀၀ အထက်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးခဲ့တယ် လို့ သိရပါတယ်။

တိုက်ပွဲအပြီးမှာတော့ မိုးသောက်ရွာမှာရှိတဲ့ ပြည်သူ့နေအိမ်တွေကို လိုက်ပြီးဖျက်ဆီး၊ ရွှေတိုငွေစတွေယူကာ၊ သမင်ကတုတ်ကျေးရွာကိုပြန်ကာ အဲ့ဒီရွာဘုန်းကြီးကျောင်းမှာတည်းခိုနေပြီး ယနေ့ ဖေဖော်ဝါရီ ၅ ရက်နံနက် ၆ နာရီမှာတော့ မင်းတုန်းဘက်ကနေ ဖောကား ၁ စီးနဲ့ လက်နက်ကြီး၊ ခဲယမ်းနဲ့ ရိက္ခာတွေ လာရောက်ဖြည့်တင်းကာ ဘုန်းကြီးကျောင်းမှာပဲ စခန်းချထားတယ်လို့ ကိုဗဟိန်းက ပြောပါတယ်။

ထိတွေ့တိုက်ပွဲမှာတော့ Magway PDF မှ Upper Minhla PDF၊ Key Of Revolution တို့ ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။

ပုံစာ - မီးရှို့ဖျက်ဆီးခံလိုက်ရသည့် PDF စခန်းမှ အသုံးအဆောင်ပစ္စည်းများ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #သရက်ခရိုင် #မင်းတုန်းမြို့နယ် #တိုက်ပွဲ #စခန်းဆုံးရှုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10