မင်းတုန်းမှာ စစ်ကောင်စီကားမိုင်းဆွဲခံရပြီး ၁၀ ဦးကျော်သေ

မင်းတုန်းမှာ စစ်ကောင်စီကားမိုင်းဆွဲခံရပြီး ၁၀ ဦးကျော်သေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ သီးပင်ကုန်းရွာနားမှာ စစ်ကောင်စီကားတစီး မိုင်းဆွဲခံရပြီး ကား ချောက်ထဲထိုးကျရာ ကားပေါ်ပါလာတဲ့ စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မတ် ၆ ရက် မနေ့က မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာ သရက်ခရိုင် ကပစကတပ်သားအများစုနဲ့ ပြည်မြို့ တပ်မ ၆၆ က တပ်သားအနည်းငယ်ပါဝင်တဲ့ အင်အား ၂၀၀ ပါ စစ်ကြောင်းဟာ မင်းတုန်းနယ်ဘက်ကို ဝင်လာချိန် မိုင်းဆွဲခံရတာလို့ ဆိုပါတယ်။

မိုင်းဆွဲတာမှန်တယ်၊ ထိတွေ့မှုဖြစ်တာ မှန်တယ်။ စစ်ကြောင်းထိုးဖို့ ဝင်လာတဲ့ စစ်ကောင်စီ ၂၀၀ ခန့်ရှိတယ်။ စစ်ရေးတော်တော်တင်းမာနေတယ်” လို့ တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီကားကို မိုင်းဆွဲတဲ့ဖြစ်စဉ်က မှန်ကန်ကြောင်းကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အတည်ပြုပေးထားပြီး စစ်ရေးအခြေနေအရ အသေးစိတ် ဖြေကြားခွင့်မရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ ကားချောက်ထဲ ထိုးကျသွားတာကြောင့် စစ်တပ်ဘက်က ၂၀ လောက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။  

အရင်ဆုံး သတင်းတွေပေးခဲ့ပါတယ်။ ဘယ်ရွာက ဘယ်သူ၊ ရန်သူ့စခန်း ဘယ်နေရာမှာရှိတယ်ဆို တာပြောခဲ့ပေမယ့် ဘာမှ အလုပ်မလုပ်ချင်ကြ၊ ဂရုမစိုက်ကြတော့ နေ့လယ်ခင်း ၃ နာရီခွဲမှာ သီးပင်ကုန်းရွာ မရောက်ခင် ၁ မိုင်ခွဲလောက်မှာ ကားတစ်စီးမိုင်းဆွဲခံလိုက်ရတော့ ကားပေါ်မှာပါတဲ့ စစ်သည် (၂၀) ဝန်းကျင်အသက်တွေပေး လိုက်ရသလို ကားလည်းချောက်ထဲထိုးကျသွားတယ် လို့ မတ်လ ၆ ရက်က စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်မှာ ဖော်ပြထားပါတယ်။ 

သရက်၊ ကံမ၊ မင်းတုန်းနယ်တဝိုက်မှာ သရက်ခရိုင် တပ်ရင်း ၄၊ ကျောင်းသားလက်ရုံးတပ်တော် SAF၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ WOLFတို့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှား နေကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းကာ ကံမမြို့နယ်၊ ကျောက်မဲကျေးရွာက လက်နက်ကိုင်ဆောင်ခွင့်ရထားတဲ့ ပျူခေါင်းဆောင် တပ်ထွက် မျိုးမြင့်အောင် နဲ့ ကံမမြို့နယ်၊ ငမဲကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အေးဇော်တို့ကို ရှင်းလင်းခဲ့ကြပါသေးတယ်။ 

ပုံစာ - ကျောင်းသားလက်ရုံးတပ် - SAF တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း) 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မင်းတုန်းမြို့နယ် #သီးပင်ကုန်းရွာ #စစ်ကောင်စီ #မိုင်းဆွဲ #စစ်သား  #သရက်ခရိုင်တပ်ရင်း၄  #ကျောင်းသားလက်ရုံးတပ်တော်  #SAF  #လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ #WOLF #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10