မင်းတုန်းမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့  အနည်းဆုံး ၁၅ ဦးသေ

မင်းတုန်းမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့  အနည်းဆုံး ၁၅ ဦးသေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာနဲ့ ရွာသစ်ကျေးရွာကြားကို စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရပြီး ၁၅ ဦးကျော်သေဆုံးတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။ 

ဩဂုတ်လ ၂၃ ရက် မနက် ၈ နာရီဝန်းကျင်က သရက် ကပစ-၁၂ ကနေ ဖောကား ၂ စီး အင်အား ၇၀ နဲ့ ထွက်လာပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ ၃ နာရီနီးပါး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ပစ်ကူပေးတဲ့ ၆၀ မမ ၂လုံးက ရဲဘော်တွေကိုကျော်ပြီး စစ်သားတွေကြားထဲ ကျရောက်ပေါက်ကွဲခဲ့လို့ ရန်သူဘက်က သေဆုံးမှုပိုများသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က မိုင်းဆွဲတော့ စကစဘက်က ဘေးနီးစပ်ရာ တောတွေထဲဝင်ပြီး တိုက်ပွဲဖြစ်ကြတယ်။ သူတို့ဘက်က လက်နက်ကြီးပစ်ကူတာ သူတို့လူအပေါ်ကို ပြန်ကျတာရှိတယ်။ စုံစမ်းသိရသလောက် ၅၀ ဝန်းကျင်သေတယ်။ ၅ မိုင်မှာ ကျွင်းတူးပြီး သင်္ဂြိုလ်တယ်လို့ ကြားရတာပေါ့။" လို့ သရက်ခရိုင်တပ်ရင်း - ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

 သေဆုံးအရေအတွက် အတိအကျမသိရသေးပေမယ့် ၁၅ ဦးနဲ့ ၅၀ ကြားသေဆုံးတယ်လို့ သိထားရပြီး အဲ့ဒီလောက် အသေအပျောက်များရခြင်းဟာ စစ်ကောင်စီဘက်က ပစ်ကူပေးတဲ့ လက်နက်ကြီးကျည် အချင်းချင်းအပေါ်  ပြန်ကျတာကြောင့်ဖြစ်နိုင်တယ်လို့ ကိုမြတ်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးကျော်သေဆုံးတာကို တိုက်ပွဲဝင်ရဲဘော်တွေကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး မင်းတုန်းဆေးရုံမှာလည်း ခြေထောက်ပြတ်ဒဏ်ရာနဲ့ ၂ ဦး ကုသနေတယ်လို့ ဆိုပါတယ်။

မြေပြင်သတင်းတွေအရတော့ စစ်ကောင်စီဘက်က ၅၀ ကျော်သေပြီး အလောင်းတွေကို ဖောကားအဝါနဲ့  ၅ မိုင်ဂိတ်စခန်းကို သယ်သွားကာ အဆိုပါစခန်းပတ်ဝန်းကျင်မှာပဲ ဘတ်ဟိုးနဲ့ ကျွင်းတူးပြီး သင်္ဂြိုလ်နေတယ်လို့ သိရပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို သရက်ခရိုင် တပ်ရင်း - ၄၊ ကျောင်းသားလက်ရုံးတပ်တော်၊ လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ မင်းတုန်းနယ်တဝိုက်ကို စစ်ကြောင်း ၃ ကြောင်း အင်အား ၁၅၀ လောက်နဲ့  စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး အခုလက်ရှိ ရွာသစ်ကျေးရွာထဲကို အင်အား ၆၀ နီးပါးနဲ့ ဝင်ရောက်ကာ ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်နေတယ်လို့ ဆိုပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#မင်းတုန်းသတင်း #စစ်ကောင်စီစစ်ကြောင်း #တိုက်ပွဲ #တိုက်ပွဲသတင်း #သရက်ကပစ၁၂ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10