မင်းဘူးခရိုင် တပ်ရင်း ၃ သင်တန်းပုံရိပ်တွေထုတ်ပြန်ပြီး သင်တန်းသားသစ်တွေ ထပ်မံခေါ်ယူ

မင်းဘူးခရိုင် တပ်ရင်း ၃ သင်တန်းပုံရိပ်တွေထုတ်ပြန်ပြီး သင်တန်းသားသစ်တွေ ထပ်မံခေါ်ယူ

မကွေးတိုင်း၊ မင်းဘူးခရိုင် တပ်ရင်း ၃ က အခြေခံစစ်သင်တန်းပေးနေတဲ့ပုံရိပ်တွေကို ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပြီး သင်တန်းသားသစ်တွေလည်း ခေါ်ယူနေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူကတဆင့် သိရပါတယ်။

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၄ ကို ဩဂုတ်မှာ စတင်ပေးခဲ့ကာ သင်တန်းကာလအားဖြင့် ၃ လကြာခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်ကမှ သင်တန်းအောင်မြင်စွာပြီးမြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သင်တန်းအပတ်စဉ် ၅ အတွက်လည်း ရဲဘော်အသစ်တွေ စုဆောင်းနေပြီး မတ်လမှာ သင်တန်းစတင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“အရင်က ရက်တိုလေးတွေပေးခဲ့ပေမယ့် နောက်ပိုင်းမှာကျ တပ် တတပ်အနေနဲ့သွားမယ်ဆို ပုံစံမကျဘူး။ အဲ့ဒါကြောင့် သင်တန်းကာလ ၃ လကို ကြိုးစားပြီးပေးတယ်။ အရပ်သားကနေလာတဲ့သူကို စစ်သားတယောက်ရဲ့ စိတ်ဓာတ်မျိုး ရအောင်လုပ်ပေးတယ်။” လို့ မင်းဘူးခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက ပြောပါတယ်။

စစ်မှုထမ်းဥပဒေပေါ်ထွက်လာပြီးနောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်လာချင်သူတွေကိုလည်း အမြဲကြိုဆိုနေမှာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေအတွက် လူအင်အားလိုအပ်နေတဲ့လို့ ပညာတတ်လူငယ်တွေ အများစုပါဝင်လာဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

“သင်တန်းသားတွေ ထပ်လာမယ်ဆိုလည်း ကြိုဆိုပါတယ်။ ကျောင်းတကျောင်းမှာဆို volunteer အနေနဲ့ အနည်းဆုံး ၁၀ ယောက်ကျော်လိုတယ်။ ကျနော်တို့က တမြို့နယ်လုံးစာ ဖြန့်ကျက်နိုင်ဖို့အတွက် ကြိုးစားနေတာဖြစ်လို့ ပညာတတ်လူငယ် volunteer တွေလည်း အများကြီးလာဖို့ မျှော်လင့်ပါတယ်။ ” လို့ သူက ပြောပါတယ်။

အခြေခံစစ်သင်တန်းတခုမှာ ရဲဘော်တဦးချင်းစီရဲ့အဝတ်စား၊ ဖိနပ်၊ သင်တန်းသုံးပစ္စည်း စတာတွေအတွက် ၃ သိန်းနီးပါးကုန်ကျပြီး သင်တန်းကာလကြာရင် ကြာသလို ငွေကြေးကုန်ကျမှုများတဲ့အတွက် အခက်ခဲတွေလည်း ရှိနေကာ ဘာသာရပ်တချို့ကိုတော့ အကန့်သတ်နဲ့သာ သင်ကြားပေးနိုင်တယ်လို့လည်း သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မင်းဘူးခရိုင် #အခြေခံစစ်သင်တန်း #သင်တန်းသားသစ် #စစ်မှုထမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10