မင်းဘူးခရိုင်မှာ နေအိမ် ၂၀၀ နီးပါးကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့လို့ စစ်ရှောင်နေရတဲ့ ၄,၀၀၀ ကျော် စောင်၊ အနွေးထည် အကူအညီတွေ လိုအပ်နေ

မင်းဘူးခရိုင်မှာ နေအိမ် ၂၀၀ နီးပါးကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့လို့ စစ်ရှောင်နေရတဲ့ ၄,၀၀၀ ကျော် စောင်၊ အနွေးထည် အကူအညီတွေ လိုအပ်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်တွေက ကျေးရွာ ၅ ရွာကို နိုဝင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မီးရှို့သွားတာကြောင့် နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး စစ်ရှောင်ဒေသခံ ၄,၀၀၀ ကျော် အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

စေတုတ္တရာမြို့နယ် ကျောက်ပုံရွာ၊ ခဲပစ်ရွာ ၊ ညောင်ကုန်းရွာနဲ့ ပွင့်ဖြူမြို့နယ် ကျွဲခြံရွာ၊ လယ်မရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် လယ်မရွာက နေအိမ် ၁၇၉ လုံး၊ ကျောက်ပုံရွာနဲ့ ခဲပစ်ရွာက ၁၅ လုံး၊ စုစုပေါင်း နေအိမ် ၁၉၄ လုံးကို မီးရှို့သွားခဲ့တာလို့ ဆိုပါတယ်။

“ သေနတ်တွေနဲ့ပစ်ပြီး **တွေ(ဆဲဆိုပြီး) သတ္တိရှိတဲ့လူထွက်ခဲ့ဆိုပြီး ဝင်လာတော့ ကျမတို့မှာ ချောက်ကြိုချောက်ကြားတွေကနေ ပြေးရတာ၊ ကျောက်ပုံရွာကနေ ပြေးရတာပါ။” လို့ ကျောက်ပုံရွာခံ စစ်ဘေးရှောင် အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာ ကပစ ၂၀ ၊ ခလရ ၂၅၃ ၊ ခလရ ၂၅၄ ၊ ခလရ ၂၅၅ ၊ ဆင်လူးရွာကပျူစောထီးတပ်ဖွဲ့ ၊ တပ်မ ၈၈ ပူးပေါင်းစစ်ကောင်စီတပ်သား အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲထိုးပြီး နေအိမ်တွေကို မီးရှို့ခဲ့တာ လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာလို့ အဆိုပါကျေးရွာ ၅ ရွာက ဒေသခံ ၄,၀၀၀ ကျော် အရေးပေါ်စစ်ရှောင်နေရပြီး နေထိုင်စားသောက်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းတာဝန်ခံက ပြောပါတယ်။

“ ဆောင်းတွင်းကာလဖြစ်တဲ့အတွက် တောထဲတောင်ထဲမှာ ဖြစ်သလိုနေရတာကြောင့် ဖျားနာတဲ့သူတွေများပါတယ်။ လယ်မရွာမှာ ပိတ်မိပြီးမပြေးနိုင်တဲ့ အဖိုးအို ၁ ဦးလည်း မီးလောင်ဒဏ်ရာရရှိထားပါတယ်။ အဲ့ဒီအဖိုးအိုကိုလည်း ဆေးဝါးကုသမှုပေးနေပါတယ်။” လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ ကွင်းပြင်တွေမှာ မိုးကာတဲထိုးနေထိုင်နေကြရပြီး စားနပ်ရိက္ခာ ဆေးဝါး၊ စောင်နဲ့ အနွေးထည်တွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

“ ဖျားကြနာကြပြီး ဗိုက်အောင့်တာတွေလည်း ရှိကြတယ်။ အသက်ကြီးရွယ်အိုတွေကျတော့ ပြေးရလွှားရတော့ မောတာတွေရှိတယ်။ အသက် ၇၀ အရွယ်တွေလည်း များတယ်၊ အသက် ၉၀ ကျော်တွေလည်းပါတယ်။” လို့ ကျောက်ပုံရွာစစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မင်းဘူး #စစ်တပ် #မီးရှို့ #စစ်ဘေးရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10