မင်းဘူး-အမ်းကားလမ်းမှာ ခရီးသည်တင်ကား ပစ်ခံရလို့ ၄ နှစ် ကလေး ၁ ဦး၊ အမျိုးသမီး ၄ ဦး သေဆုံး

မင်းဘူး-အမ်းကားလမ်းမှာ ခရီးသည်တင်ကား ပစ်ခံရလို့ ၄ နှစ် ကလေး ၁ ဦး၊ အမျိုးသမီး ၄ ဦး သေဆုံး

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မင်းဘူး-အမ်းကားလမ်းပိုင်းမှာ ခရီးသည်တင်ကားပစ်ခတ်ခံရလို့ ၄ နှစ် အရွယ်ကလေးငယ်အပါ လူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန် ၈ ရက် နေ့လယ် ၂ နာရီကျော်မှာ မင်းဘူးမြို့ဘက်ကနေ အမ်းမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်နဲ့ယာဥ်မောင်းစုစုပေါင်း ၁၂ ဦးပါ ဟွန်ဒိုင်းအမျိုးအစားခရီးသည်တင်ယာဥ်ကို ဒေသအခေါ် ပိန်းရေစမ်းအနီးအရောက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

" တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ သူတို့ကားကိုပဲ ဝိုင်းပစ်တယ်။ ပြီးတာနဲ့ပြန်ဆုတ်သွားကြတယ်လို့တော့ သိရတယ်။ ဘာကြောင့် ခရီးသည်တင်ယာဥ်ကို ဝိုင်းပစ်တယ်ဆိုတာတော့ မသိရဘူး" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ခရီးသည်တင်ကားပစ်ခတ်ခံရတာကြောင့် ယာဉ်ပေါ်ပါ အသက် ၄ နှစ်အရွယ် ယောကျ်ားလေး ၁ ဦး၊ အသက် ၁၃ နှစ်၊ ၁၆ နှစ်၊ ၄၁ နှစ်၊ ၃၀နှစ် အရွယ် အမျိုးသမီး ၄ ဦး စုစုပေါင်း ၅ ဦး သေဆုံးသွားကာ သေဆုံးသူတွေဟာ အမ်းမြို့နယ်၊ အောက်ရွာနဲ့ အမှတ် ၅ ရပ်ကွက် နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ကားပေါ်ပါ ယာဥ်မောင်းနဲ့ ကလေးငယ်တွေအပါအဝင် ၇ ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံး၊ ဒဏ်ရာရသူတွေကို ဒေသခံတွေက မင်းဘူးဆေးရုံကိုပို့ဆောင်ပေးခဲ့ကြပါတယ်။ 

အဆိုပါ ခရီးသည်တင်ကားပေါ်မှာ လိုက်ပါလာသူတွေဟာ အမ်းမြို့အနီးတဝိုက်တိုက်ပွဲတွေကြောင့် မင်းဘူးဘက်ကို နေရပ်စွန့်ခွာရောက်ရှိနေသူတွေဖြစ်ကာ စာသင်ကျောင်းပြန်ဖွင့်ချိန်ဖြစ်လို့ ကျောင်းအပ်ဖို့သွားကြသူတွေလို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့်သေဆုံးသွားသူတွေကိုတော့ မိသားစုဝင်တွေရဲ့သဘောထားအရ မင်းဘူးမြို့မှာပဲ သင်္ဂြိုဟ်ခဲ့ကြတယ်လို့သိရပြီး ကျန်ဒဏ်ရာရသူတွေကတော့ဆက်လက်ဆေးကုသမှု ခံယူနေကြရပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရဘဲ မင်းဘူး -အမ်းလမ်းပိုင်းနဲ့ ရခိုင်ရိုးမပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး နှစ်ဖက်လက်နက်ကိုင်တပ်တွေ စစ်ရေးလှုပ်ရှားနေသလို တိုက်ပွဲတွေဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

အမ်း-မင်းဘူးကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့တာ၊ တပ်ရွှေ့ပြောင်းတာ၊ ရိက္ခာနဲ့စစ်လက်နက်၊ ခဲယမ်းတွေကို အရပ်သားကားတွေနဲ့ သယ်ဆောင်တာ၊ လမ်းဘေးဝဲယာတလျှောက် စွန့်လွှတ်မိုင်းတွေထောင်တာတွေပြုလုပ်နေလို့ ဧပြီ ၂ ရက်ကစတင်ကာ အဆိုပါလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ အရေးပေါ်ပိတ်သိမ်းတယ်လို့ အာရက္ခတပ်တော်-AA က ထုတ်ပြန်ထားပါတယ်။

ပုံစာ - မင်းဘူး-အမ်းလမ်းပိုင်းရှိ အမ်းတောင်ကြားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-လူမှုကွန်ယက်)။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#မင်းဘူး #အမ်း #ကားလမ်းပိုင်း #ခရီးသည်တင် #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10