မင်းရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဝင်တိုက်၊ စစ်တပ်ကလေကြောင်းနဲ့ ပစ်ကူရ

မင်းရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဝင်တိုက်၊ စစ်တပ်ကလေကြောင်းနဲ့ ပစ်ကူရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက စစ်ကောင်စီတပ်နဲ့လရဲတပ်ဖွဲ့တပ်စွဲထားတဲ့ မင်းရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့ရာမှာ  စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ် ၁၅ရက် ဒီနေ့ မနက် ၄ နာရီလောက်ကစပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက မင်းရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အနည်းဆုံး ၄ ဦးခန့် သေဆုံးနိုင်ကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

"တပ်ဘက်က အကျအဆုံးကို အတိအကျမသိရသေးဘူးဗျ။ ၄ ဦးနဲ့ ၅ဦးကြား ကျဆုံးနိုင်တယ်လို့ပဲ ဝင်တိုက်တဲ့ရဲဘော်တွေက ပြောတယ်။ လေကြောင်းတိုက်ခိုက်မှုက လူမထိဘူး။ ရွာထဲကနေအိမ်တွေတော့ပျက်စီးတယ်"လို့ ဒေသခံကျေးရွာပကဖတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒဏ်ရာရတဲ့ ကာကွယ်ရေးရဲဘော်တွေထဲက ပါးနဲ့ပုခုံးကိုထိမှန်တဲ့ ရဲဘော် ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

မနက် ၇ နာရီကျော်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တပ်ပြန်ဆုတ်လာပြီးနောက် စစ်ကောင်စီက မနက် ၈ နာရီခွဲလောက်မှာ ရဟတ်ယာဥ်တစီးနဲ့ ၃ ကြိမ်တိုင် လေကြောင်းကနေ ပစ်ခတ်မှုပြုလုပ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မင်းရွာရဲစခန်းနဲ့ ၁၅မိုင်ခန့်ဝေးတဲ့ ဂန့်ဂေါအခြေစိုက် အမြောက်တပ်ကလည်း မင်းရွာနဲ့အနီးတဝိုက်က ကျေးရွာတွေဘက်ကို နေ့လယ် ၁၂ နာရီအထိ ပစ်ခတ်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ခရိုင်တပ်ရင်းတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။ လက်ရှိမှာ မြေပြင်စစ်ကြောင်းလာနေတယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေရွာထဲပြန်မဝင်ရဲဘဲ ရှောင်တိမ်းနေကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို  တိုက်ခိုက်မှုတွေပြုလုပ်နေပြိး ပြီးခဲ့တဲ့ ၂၀၂၂ အတွင်းလည်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ  

#မကွေး #ဂန့်ဂေါ #ရဲစခန်း #တိုက်ခိုက်မှု #PDF #လေကြောင်းပစ်ကူ #မင်းရွာရဲစခန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10