မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က ၆ ဦးသေ၊ ၁၁ ဦးလက်နက်ချ၊ သေနတ် ၁၇ လက်ရ

မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က ၆ ဦးသေ၊ ၁၁ ဦးလက်နက်ချ၊ သေနတ် ၁၇ လက်ရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၁၁ ဦးလက်နက်ချအညံ့ခံကာ သေနတ် ၁၇ လက်နဲ့ ကျည်ဆံ အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ PDF စစ်ရုံးချုပ်က နိုဝင်ဘာ ၄ ရက်မှာ စာထုတ်ပြန်ထားပါတယ်။

မင်းရွာရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်တွေက နိုဝင်ဘာ ၃ ရက် မနက် ၆ နာရီခန့်မှ မနက် ၁၀ နာရီအထိ ၄ နာရီကြာတိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းမီးရှို့ခဲ့ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၁၁ ဦးလက်နက်ချအညံ့ခံခဲ့ကာ ၄ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မင်းရွာရဲကင်းစခန်းကနေ G-3 သေနတ် ၁၁ လက်၊ G-4 သေနတ် ၁ လက်၊ MA-1 သေနတ် ၁ လက်၊ MA- 3 သေနတ် ၁ လက်၊ MA-4 သေနတ် ၁လက်၊ 40 မမ ၁ လက်နဲ့ ခြောက်လုံးပြူး သေနတ် ၂ လက် အပါအဝင် ကျည်ဆံအမြောက်အများကို သိမ်းဆည်းရရှိခဲ့ပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်နက်၊ ကျည်ဆံတွေအပြင် တီဗီ၊ ရေခဲသေတ္တာ၊ လျှပ်စစ်ရေနွေးအိုးနဲ့ ထမင်းပေါင်းအိုးတွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ 

မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ နယ်မြေခံ ပကဖတွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၀င်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ၃ ကြိမ် တိုက်ခိုက်ခဲ့တဲ့အပြင် ကျောက်ထုအခြေစိုက် အမှတ် ၃၇၁ အမြောက်တပ်ရင်းကဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၂ ဦးထိမှန်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

စခန်းသိမ်းတိုက်ခိုက်မှုမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၁၀၂၇ စစ်‌ဆင်ရေးနဲ့အတူ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ တမူး၊ ကလေး၀၊ ကောလင်း၊ ၀န်းသို၊ ကျွန်းလှနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့တွင် တပ်စွဲထားတဲ့ စစ်တပ်အထိုင်စခန်းတွေ၊ ရဲစခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေက ပူးပေါင်းပြီး နို၀င်ဘာ ၃ ရက်က စတင်ပြီး တပြိုင်နက်၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၉ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #မင်းရွာရဲကင်းစခန်း #စခန်းသိမ်း #လက်နက် #PDF #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10