မင်းလှမှာ ကလေး ၃ ဦးပျောက်ဆုံးနေ၊ ၁၇ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

မင်းလှမှာ ကလေး ၃ ဦးပျောက်ဆုံးနေ၊ ၁၇ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကြို့ကုန်း(၁)အုပ်စု၊ ရွာသာယာကျေးရွာက ကလေး ၃ ဦး ပျောက်ဆုံးနေပြီး ၁၇ ရက်ကြာတဲ့အထိ ပြန်မတွေ့သေးဘူးလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

ပျောက်ဆုံးနေတဲ့ကလေးတွေဟာ အသက် ၁၃ နှစ်အရွယ်ကလေးတွေဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက် ကတည်းက ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

ပျောက်ဆုံးနေသူတွေထဲက ဦးမိုးကြူ+ဒေါ်ချိုမာတို့ရဲ့ သား အသက် ၁၃ နှစ်အရွယ် မောင်သက်ဝေယံ(ခ) မောင်ဗျော့ကြီးဆိုသူဟာ မိဘတွေ ပဲနုတ်သွားတဲ့အချိန်မှာ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူအမျိုးသမီးက ဆိုပါတယ်။ 

"အဲ့နေ့က လူကြီးတွေက ပဲသွားနုတ်တော့ အိမ်မှာ မရှိကြဘူး။ သူ့ညီတွေ ညီမတွေနဲ့သူပဲရှိတာ။ ညနေပြန် လာတော့ အိမ်မှာသူ့ကိုမတွေ့တော့ လိုက်ရှာတာ။ နေရာနှံ့နေပြီ ဒီနေ့အချိန်ထိ ပြန်မတွေ့သေးဘူး။ သူကရွာထဲတောင်နှံ့အောင်မရောက်ဖူးဘူး။ ခြေထောက်တဖက်ကလည်း သိပ်မကောင်းဘူး" လို့ သူက ရှင်းပြပါတယ်။ 

မိသားစုဝင်တွေအနေနဲ့ ရန်ကုန်၊ ကြို့ပင်ကောက်၊ အုတ်ဖိုမြို့တွေဘက်ကို လိုက်ရှာခဲ့ပေမယ့် ဒီနေ့အထိ မတွေရဘူးလို့ ဆိုပါတယ်။

သားဖြစ်သူဟာ တရွာတည်းနေ ပလုံကောက်တဲ့ အသက် ၁၂ နှစ်အရွယ် မောင်အငယ်ကောင်၊ မောင်ဝိုင်းချစ်(ခ) ကုလားလေးတို့က လာခေါ်လို့ လိုက်သွားတယ်လို့သာ စုံစမ်းသိရှိရပြီး ဘယ်ကိုပါသွားတယ်ဆိုတာ မသိရသေးဘူး။

မောင်သက်ဝေယံ(ခ)မောင်ဗျော့ကြီး ပျောက်ဆုံးသွားတဲ့နေ့က အတူသွားတဲ့ မောင်အငယ်ကောင်၊ မောင်ဝိုင်းချစ် (ခ)ကုလားလေးတို့ကလည်း မတ် ၂ ရက်အထိ ရွာကိုပြန်မရောက်လာကြသေးဘဲ ပျောက်ဆုံးနေတာဖြစ်ပါတယ်။ 

ကလေးငယ်တွေကို တွေ့ရှိပါက မိသားစုထံအကြောင်းကြားပေးကြဖို့ မိသားစုဝင်တွေက လူမှုကွန်ယက်ကနေတဆင့် ပြည်သူတွေကို အကူအညီတောင်းခံထားပြီး တွေ့ရှိပါက ဦးမိုးကြူ+ဒေါ်ချိုမာဦး 09684963007၊ 09667383822 ဖုန်းနံပါတ်တွေကို ဆက်သွယ်ပေးကြဖို့ အကူအညီတောင်းခံထားပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီခန့်ကလည်း ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာနေ ဦးအေးဇော်မြင့်၊ ဒေါ်နွယ်နွယ်စိုးတို့ရဲ့ သားဖြစ်သူ (၃) နှစ်အရွယ် မောင်ဇွဲမာန်သစ် ဟာလည်း နေအိမ်ကနေပျောက်ဆုံးသွားပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၂၇ ရက်မှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ - ၁၇ ရက်ကြာ ပျောက်ဆုံးနေသည့် မောင်သက်ဝေယံ(ခ) မောင်ဗျော့ကြီး။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မင်းလှ #ကြို့ကုန်း #ရွာသာယာကျေးရွာ #ကလေးပျောက်ဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10