မင်းလှမှာ စစ်ကောင်စီအတွက် ဂိတ်ကြေးကောက်ပေးနေတဲ့လင်မယား ရှင်းလင်းခံရ

မင်းလှမှာ စစ်ကောင်စီအတွက် ဂိတ်ကြေးကောက်ပေးနေတဲ့လင်မယား ရှင်းလင်းခံရ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပျဥ်းကတိုးခင်းကျေးရွာမှာ စစ်ကောင်စီအတွက် ဆက်ကြေးကောက်ပေးနေတဲ့ လင်မယား ၂ ဦး ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၇ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ မြို့ချောင်း - စိန်ကလန့် ရိုးမဖြတ်ကျော်လမ်းဘေးရှိ သစ်တောဂိတ်အနီးမှာ နေထိုင်တဲ့ ဦးအေးလွင် ၄၀ နှစ်ခန့်နဲ့ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်း ၄၀ နှစ်ခန့်တို့ကို လက်နက်ကိုင်အဖွဲ့အစည်းတခုက နေအိမ်ကနေ ခေါ်ထုတ်ပြီး သူတို့နေအိမ်အနီးမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"အမျိုးသားဖြစ်သူက သစ်တောဂိတ်မှာ စကစ အတွက် ဂိတ်ကြေးကောက်ပေးတဲ့ အလုပ်လုပ်တယ်လို့တော့ သိရတယ်။ မိန်းမလုပ်သူကတော့ စျေးရောင်းတယ်။ ဘာကြောင့် ပစ်သတ်ခံရလဲဆိုတာတော့ မသိရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ လင်မယား ၂ ဦးစလုံးမှာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပြီး အလောင်းတွေကိုတော့ စစ်ကောင်စီဘက်က လာရောက်စစ်ဆေးကောက်ယူပြီး မင်းလှပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

ဒီရှင်းလင်းမှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အဆိုပါ လင်မယားမှာ ပျူစောထီးတွေဖြစ်ကာ ရိုးမထဲရှိ PDF စခန်းတွေကို စစ်ကောင်စီထံ သတင်းပြသပေးတာ၊ PDF တွေရဲ့လှုပ်ရှားမှုတွေကို သတင်းပေးတာ၊ သစ်မှောင်ခိုလုပ်သူတွေဆီကို စစ်ကောင်စီအတွက် ဂိတ်ကြေးကောက်ပေးတာ၊ ရိက္ခာထောက်ပံ့တာတွေအပြင် ပြည်သူအချို့ကိုလည်း ခြိမ်းခြောက်တာတွေ လုပ်တဲ့အတွက် ခုလိုရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ 

အလားတူ ဇူလိုင် ၃၁ ရက်ညကလည်း မင်းလှမြို့နယ်၊ ကျွဲမကိုင်းကျေးရွာက ဒလန်လို့ လူသိများတဲ့ လင်မယား ပစ်ခတ်ရှင်းခံခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ပျဥ်းကတိုးခင်း #ပျူစောထီး #လင်မယား #ရှင်းလင်းခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10