မင်းလှရှိ စစ်ကောင်စီတပ်စခန်းကို PDF တွေသိမ်းပိုက်

မင်းလှရှိ စစ်ကောင်စီတပ်စခန်းကို PDF တွေသိမ်းပိုက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန် - မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို စက်တင်ဘာလ ၉ ရက် မနေ့ကမနက်အစောပိုင်းမှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ကတုတ်ကျင်းတွေတူးပြီး တပ်စွဲအထိုင်ချထားတဲ့ အဲ့ဒီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

"အဲဒီမှာက သစ်တောကရယ် ရဲနဲ့ စစ်သားတွေ အထိုင်ချနေပြီးတော့ သစ်ခိုးထုတ်တာတွေကို ခွင့်ပြုပေးနေတာ။ အခွန်တွေကောက်ပြီး တောထဲတွေ့တဲ့ အရပ်သားတွေဆီက ပိုက်ဆံ‌တောင်းတာတွေ၊ ဖုန်းသိမ်းတာတွေ လုပ်နေတာကြောင့်သွားတိုက်ခိုက်တာပါ"လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီစခန်းမှာ အင်အား ဆယ်ဂဏန်းလောက်သာ ရှိနိုင်တယ်လို့ ကာကွယ်ရေးရဲဘော်တွေဘက်က ခန့်မှန်းထားပြီး တိုက်ခိုက်စဉ်မှာလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။  တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံး အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

အလားတူ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ အခြေစိုက်ရုံး ထိုင်တဲ့နေရာကို စက်တင်ဘာလ ၉ ရက် မနက် ၅ နာရီ၀န်းကျင်မှာလည်း သာယာဝတီခရိုင် တပ်ရင်း (၃၇၀၂) တပ်ခွဲ (၄)၊ KNLA၊ Nighthawks ဒရုန်းအဖွဲ့ စတဲ့ပူးပေါင်းအဖွဲ့က သွားရောက်ခိုက်ခဲ့ကြပါတယ်။ 

ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က စစ်သား ၂ ဦးသေဆုံးပြီး သုံးပွင့်ဗိုလ်ကြီးအဆင့် အပါအ၀င် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်ခွဲ (၄) ဆီက သိရပါတယ်။

စာတည်း -  လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #စစ်ကောင်စီတပ်စခန်း #သိမ်းပိုက် ဝေါ #ဒရုန်း #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10