မင်းလှ၊ သင်တောရိုးကျေးရွာအုပ်စုမှာ ပေါ်တာကြေးဆိုပြီး လစဉ်ငွေကောက်ခံနေ

မင်းလှ၊ သင်တောရိုးကျေးရွာအုပ်စုမှာ ပေါ်တာကြေးဆိုပြီး လစဉ်ငွေကောက်ခံနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စုမှာ ပေါ်တာကြေး ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တအိမ်ကို ငွေကျပ် ၂၀၀၀၀ လိုက်ကောက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အခုဧပြီလ နောက်ဆုံးပတ်ကစပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကတဆင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လိုက်လံကောက်ခံခိုင်းနေတာဖြစ်ပြီး ငွေမပေးနိုင်လို့ ကျေးရွာတွင်းလူလာဆွဲပါက အာမမခံနိုင်ဘူးဆိုပြီး ပြောဆိုတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 

"အုပ်ကြီးက ကိုယ့်အုပ်စု(ကျေးရွာအုပ်စု)ထဲပဲ နေပါ။ ဘယ်မှမသွားနဲ့ အုပ်စုအပြင်ဘက်ရောက်ရင် ဖမ်းမှာပဲတဲ့။ အဲ့ဒီတော့ ရပ်ရွာက လူငယ်တွေက ဘယ်မှမထွက်ရတော့ ဒီလစဉ် ၂၀၀၀၀ ကို ဘယ်ကဝင်ငွေနဲ့ ပေးရမှာလဲ။ အကုန် အကြောက်တရားနဲ့နေရပြီး စိတ်ညစ်နေရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီငွေကျပ် ၂၀၀၀၀ ကို လစဉ်ပေးဆောင်ရမှာဖြစ်ပြီး မပေးနိုင်တဲ့အိမ်တွေကိုလည်း ၅၀၀၀၊ ၁၀၀၀၀ စသဖြင့် ရသလောက်ပေးဖို့ ပြောဆိုကောက်ခံကာ အဲ့ဒီပိုက်ဆံတွေကို ဘယ်ကိုပေးသွင်းမယ် ဆိုတာကိုတော့ မပြောဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

သင်တောရိုးကျေးရွာအုပ်စုဟာ သင်တောရိုး၊ ဆင်အိုင်တခြမ်း၊ ကညင်ကောက်၊ လှေလှော်ကွင်း၊ ကွင်းကြီးတောင်စု၊ ကွင်းကြီးမြောက်စု၊ ငါးအိမ်တန်း၊ ကွင်းကလေး စတဲ့ ကျေးရွာပေါင်း ၈ ရွာပါဝင်တဲ့ ကျေးရွာအုပ်စုဖြစ်ပြီး စုစုပေါင်း အိမ်ခြေ ၄၀၀ ခန့်ရှိကာ လက်ရှိမှာတော့ အုပ်စုတွင်းက ရွာ ၄ ရွာခန့်မှာ ငွေတောင်းနေတာလို့ ဆိုပါတယ်။ 

ငွေကောက်ရာမှာလည်း သင်တောရိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ကွင်းကြီးမြောက်စုကျေးရွာနေ ဦးဝင်းလွင် (ခေါ်) ဦးမော်တားက ဖုန်းနဲ့ဆက်သွယ်ညွှန်ကြားပြီး သက်ဆိုင်ရာ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးတွေကကောက်ခံပြီး ဦးဝင်းလွင် (ခေါ်) ဦးမော်တားဆီကို ငွေအပ်နှံရတယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

ဧပြီ ၂၃ ရက်ကလည်း သင်တောရိုးအုပ်စုနေ လူငယ် ၂ ဦး အခြားမြို့ကိုသွားရောက်ရန် KKP ယာဉ်လိုင်းကားနဲ့လိုက်ပါစဉ် မင်းလှတာဆုံအရောက်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် တဦးကို သိန်းသုံးဆယ်နှုန်းနဲ့ ထွေအုပ်ရုံးကနေ မိသားစုဝင်တွေက ပြန်ရွေးယူခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

#မြေလတ်အသံ

#မင်းလှ #သင်တောရိုး #ကျေးရွာအုပ်ချုပ်ရေးမှူး #ပေါ်တာကြေး #ငွေကောက်ခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10