မင်းအောင်လှိုင်ကို ချီးကျူးခဲ့တဲ့ သီတဂူဆရာတော်က ဆရာတော်ကြီးပျံလွန်တော်မှုရခြင်းအပေါ် သည်းခံ၊ မေ့ပျောက်ကြဖို့ မိန့်ကြား

မင်းအောင်လှိုင်ကို ချီးကျူးခဲ့တဲ့ သီတဂူဆရာတော်က ဆရာတော်ကြီးပျံလွန်တော်မှုရခြင်းအပေါ် သည်းခံ၊ မေ့ပျောက်ကြဖို့ မိန့်ကြား

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူရမှုအပေါ် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်က သည်းခံ၊ ခွင့်လွှတ်၊ မေ့ပစ်ကြဖို့  မိန့်ကြား လိုက်ပါတယ်။

ဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိစျာပန ၄ ရက်မြောက်နေ့ ဒီကနေ့မှာ ဝင်းနိမ္မိတာရုံကျောင်းစာသင်တိုက်ကို သီတဂူဆရာတော်ကြွရောက်လာပြီး စာသင်တိုက်ရှိသံဃာတွေကို မိန့်ကြားတာမှာ “ ၁ သည်းခံခြင်း၊ ၂  ခွင့်လွှတ်ခြင်း၊ ၃ မေ့ပျောက်ခြင်းရယ် အဲ့ဒီတရားသုံးပါးဟာ ယူနိုက်တက်ရယ်၊ ယူနီယံရဲ့ အခြေခံဖောင်ဒေးရှင်းဖြစ်ပါတယ်။ ဘုရားတပည့်တော်တို့ရဲ့ ဗုဒ္ဓသာသာနာတော်ကြီးကို ဒီသုံးပါးအခြေခံပြီး တည်ဆောက်ရမှာဖြစ်တော့ အားလုံးသောသံဃာတော်များ၊ ခွင့်လွှတ်တော်မူကြပါ၊ မေ့ပျောက်အောင် ကြိုးစားတော်မူကြပါ၊ သည်းခံတော်မူကြပါ၊ စိတ်ဆိုးမှုတွေကို ထိန်းသိမ်းတော်မူကြပါ” လို့ ဆိုပါတယ်။

သီတဂူဆရာတော်က ရှင်မဟာမောဂ္ဂလန် ပရိနိဗ္ဗာန်ပြုရာမှာ လူဆိုးငါးရာရဲ့ ရိုက်နှက်တာခံခဲ့ရကြောင်း၊ အဲ့ဒီလိုရိုက်နှက်ခံရပေမယ့် ရှင်မဟာမောဂ္ဂလန်ရဲ့ ရုပ်အလောင်းကို ကောင်းမွန်စွာသင်္ဂြိုဟ်နိုင်ခဲ့ပြီး သာသနာမှာ ရုပ်အလောင်းကိုအကြောင်းပြုကာ ပဋိပက္ခတွေ ဘာမှမရှိခဲ့ကြောင်း ဥပမာပေး မိန့်ကြားပါတယ်။

ဒါ့အပြင် ဒီကနေ့တိုင်းပြည်ရဲ့အခြေအနေအရ ညီညွတ်ဖို့ရာ သိပ်အရေးကြီးနေတဲ့အတွက်  နိုင်ငံတော်အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တိုင်းပြည်ဟာ ဒုက္ခဖြစ်စရာအများကြီးရှိတယ်လို့ သီတဂူဆရာတော်က မိန့်ပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား ဟာ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ငါန်းဇွန်မြို့နယ်၊ ကံမရွာအနီးလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ပစ်ခတ်မှုခံခဲ့ရပြီး ဆရာတော်ကနေရာမှာပင် ပျံလွန်တော်မူခဲ့ရတယ်လို့ ပစ်ခတ်ခံရမှုမှာပါဝင်ခဲ့တဲ့ ကံသုံးဆင့်ပရိယတ္တိစာ သင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက ထုတ်ဖော်မိန့်ကြားထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကံမရွာအနီးလမ်းပိုင်းမှာ ၎င်းတို့စစ်ကောင်စီတပ်က တားဆီးတာကိုမရပ်ပေးဘဲ ကျော်တက်သွားတဲ့ကားကို ပစ်ခတ်တားဆီးခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။

သီတဂူဆရာတော်ဟာ နေ့စဉ်သတ်ဖြတ်မှုတွေကို ကျူးလွန်နေတဲ့   အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “သဒ္ဒါ၊ ပညာနဲ့ ပြည့်စုံသော မင်းကောင်းမင်းမြတ်” လို့ ပြီးခဲ့တဲ့ ၂၀၂၂ မတ်လအတွင်းက ရန်ကုန်မြို့၊ ဘာသာရေးအခမ်းအနားတခုမှာ လူသိရှင်ကြားချီးကျူးခဲ့တာကြောင့် ပြည်သူအများရဲ့ ပြင်းပြင်း ထန်ထန်ဝေဖန်တာကို ခံနေရတာပါ။

#မြေလတ်အသံ

#သီတဂူ #မင်းအောင်လှိုင် #ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး #ပဲခူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10