မင်းအောင်လှိုင် ယုံကြည်ရမယ့်သူ မရှိသေးလို့ ကစထ ၆ ဒုဗိုလ်ချုပ်ကြီးနေရာ လစ်လပ်နေဟု တပ် CDM များပြော

မင်းအောင်လှိုင် ယုံကြည်ရမယ့်သူ မရှိသေးလို့ ကစထ ၆ ဒုဗိုလ်ချုပ်ကြီးနေရာ လစ်လပ်နေဟု တပ် CDM များပြော

စစ်ကောင်စီတပ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၆)မှူး ဒုတိယဗိုလ်ချုပ်ကြီးအဆင့် နေရာလစ်လပ်နေပြီး လက်ရှိအချိန်ထိ အစားမထိုးနိုင်သေးတာဟာ တိုင်းမှူးအဆင့်ဗိုလ်ချုပ်တွေထဲ စစ်ခေါင်းဆောင်ယုံကြည်ရမယ့်သူ မတွေ့သေးတာကြောင့်လို့ တပ်သတင်းရင်းမြစ်တွေနဲ့ CDM အသိုင်းအဝိုင်းက သုံးသပ်မှုတွေရှိနေပါတယ်။

ယခင် ကစထ ၆ မှူး ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦးကို ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်က အရပ်ဝတ်လဲကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ၎င်းနေရာမှာ အသစ်ခန့်အပ်ထားသူမရှိသေးဘဲ လက်ရှိအထိတော့လစ်လပ်နေတယ်လို့ နေပြည်တော်စစ်ရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

" ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနေရာ အခုထိ လပ်နေတုန်းပဲ" လို့ ပြောပါတယ်။

စစ်အာဏာသိမ်းချိန်မှာ အရန်အင်အားကို ရောက်ရှိနေတဲ့ ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦး ဟာ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ရာထူးကဖြုတ်ချခံလိုက်ရတဲ့ ယခင် ကစထ ၆ မှူး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် နေရာကို အစားထိုးရောက်ရှိလာတာဖြစ်ပြီး ယခုလဆန်းပိုင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ဘက်၊ အရပ်ဘက် ရာထူးအပြောင်းအရွှေ့တွေအကြား နေပြည်တော်ကောင်စီဥက္ကဌအဖြစ် ပို့ဆောင်လိုက်တာပါ။

တိုင်းစစ်ဌာနချုပ်တွေရဲ့အထက်ကနေ စစ်ဆင်ရေးကွပ်ကဲရတဲ့ ကစထတွေဟာ ၁ ကနေ  ၆ အထိ ၆ ခုရှိတာဖြစ်ပြီး ကစထ ၆ ဟာ နေပြည်တော်တိုင်းစစ်ဌာနချုပ်(နပတ)နဲ့ နယ်ခြားစောင့်တပ်များညွှန်ကြားရေးမှူးရုံး ၂ ခုကို ကွပ်ကဲရတဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့်က တာဝန်ယူရတာဖြစ်တဲ့အလျောက် ကစထမှူးနေရာကို စစ်တိုင်းမှူးတွေထဲက ရွေးချယ်တာလို့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေ တာဝန်ယူရတဲ့ စစ်ရုံးတွေအတွင်း လက်ရုံးဦးစီးအရာရှိချုပ်ရုံးတချို့မှာတော့ နေရာလစ်လပ်မှုတွေရှိနိုင်ပေမယ့် စစ်ဆင်ရေးတွေကိုကွပ်ကဲရတဲ့ ကစထမှူး နေရာလစ်လပ်နေတာမျိုးရှားပါးကာ အစားထိုးလို့ရမယ့် နောက်ထပ်ယုံကြည်ရသူ စစ်ဗိုလ်ချုပ်မတွေ့ရှိသေးတာကြောင့်လို့ CDM တပ်မတော်သားအရာရှိတဦးက သုံးသပ်ပါတယ်။

" နောက်တခုက ကစထမှူးတွေက ရုံးအမှတ် ၁ မှာ တပ်ချုပ် မင်းအောင်လှိုင်နဲ့ ဘေးချင်းယှဉ်ပြီး ရုံးတက်ရတာမျိုးဆိုတော့ ဒီနေရာကို တော်ရုံ ဗိုလ်ချုပ်ကို သူအစားမထိုးချင်တာကြောင့် သူယုံရမယ့်သူမတွေ့သေးတာကြောင့်လို့ ပြောလို့ရတယ် ။ နောက်ပြီး ကျနော်တို့သိထားတာက ဒီကာလမှာ ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးရဖို့ကို ဗိုလ်ချုပ်ကြီး ၂ ဦးကထောက်ခံမှ တိုးပေးတယ်လို့ သိရတယ် " လို့ အမည်မဖော်လိုတဲ့ CDM တပ်မတော်သားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဘက်ရာထူးအပြောင်းအလဲတွေမှာ အဆင့်အမြင့်ဆုံးအဖြစ် ယခင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် တိုးမြှင့်ပေးခဲ့ပြီး နောက်ထပ် ဒုဗိုလ်ချုပ်ကြီးတဦးအစားထိုးရမယ့် ကစထ ၆ မှူးနေရာကိုတော့ ချန်လှပ်ထားတာပါ။

ကစထ ၆ ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ရုံးအမှတ် ၁ မှာ ပူးတွဲရုံးတက်ရတာဖြစ်သလို ကစထ ၆ မှူးမှာ စစ်ရုံးတခုလုံးအတွက် ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်လက်ထောက်အရာရှိအဖြစ် ဆောင်ရွက်ရတာဖြစ်လို့ နေပြည်တော်နဲ့ စစ်ခေါင်းဆောင်အတွက် အရေးကြီးနေရာဖြစ်တယ်လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော် က ပြောပါတယ်။

" မင်းအောင်လှိုင် ခုလုပ်နေတဲ့ သွေးသစ်လောင်း လူသစ်ရှာတာတွေမှာ သူ့ကို ယုံပြီးသစ္စာခံမယ့်သူတွေကို သေချာရွေးချယ်နေတာ။ သူ့နားခေါ်ထားရမယ့်သူဆို ပိုဆိုးတာပေါ့။ ပုံမှန်ဆို ဒီနေရာတွေက တိုင်းမှူးထဲက စီနီယာဗိုလ်ချုပ်တယောက် ချက်ချင်းအစားထိုးရတာ။ နေပြည်တော်အတွက် အဓိကဖွဲ့ထားတဲ့ ကစထ ဆိုတော့ ဗိုလ်ချုပ်တွေအများကြီးထဲက သူယုံရမယ့်သူ အတော်ရွေးနေရတဲ့ပုံပါ" လို့ သူက ပြောပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ 

#ကကကြည်း #ကစထ၆  #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #နေရာလစ်လပ် #CDM #တပ်မတော်သား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10