မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု ကလေးငယ် ၈ ဦးအပါ သေဆုံးသူ ၃၀ အထိ မြင့်တက်လာ

မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု ကလေးငယ် ၈ ဦးအပါ သေဆုံးသူ ၃၀ အထိ မြင့်တက်လာ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာ မင်္ဂလာဆောင်ကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၈ ဦးအပါအဝင် သေဆုံးသူ ၃၀ အထိ စာရင်းရှိလာပြီလို့ သိရပါတယ်။

သေဆုံးသူတွေအားလုံးဟာ မတောရွာဝန်းကျင် ရွာ ၅ရွာက ပြည်တွေသူဖြစ်တယ်လို့ မတောရွာဒေသခံတဦးက ပြောပါတယ်။

“ ကျနော်တို့က လေယာဉ်သံကြားလို့ ဝပ်ပစ်လိုက်တာ၊ အဲ့တာမို့ လွတ်ခဲ့တာ။ တယောက်ဆို မှန်လို့သေတာ မဟုတ်ဘူး၊ အုန်းပင်ပိလို့ သေတာ၊ အုန်းပင်တွေဆိုအမြစ်ကနေကို ကျွတ်ပြီးလဲတာ။ ဗုံးထိပ်တိုက်ကျတဲ့သူတွေက ခါးပြတ်ကြီးနဲ့ လွင့်သွားတာ။ အော်နေတဲ့သူတွေကတော့ ဒုနဲ့ဒေးပဲ၊ ခြေထောက်ပြတ်တဲ့သူဆို ဒရွတ်တိုက်ဆွဲနေရတာ၊ ကယ်ကြပါဦး ပစ်မထားကြပါနဲ့၊ ခြေထောက်ကြီး ဘာဖြစ်သွားလဲမသိဘူး လုပ်ကြပါဦး။ အော်တဲ့သူတွေရော၊ အော်ငိုတဲ့ကလေးက ငို၊ ပွဲချင်းပြီး သေတဲ့ကလေးကသေ တော်တော်ဆိုးဆိုးပါ "လို့ လေကြောင်းတိုက်ခိုက်မှုကလွတ်မြောက်လာတဲ့ မတောရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဇွန်လ ၃ရက် မနေ့မနက် ၈နာရီကျော်မှာ မတောရွာရဲ့ အရှေ့တောင်ထောင့်ကနေ အရှေ့မြောက်ထောင့်ကို ဖြတ်ကာ ဗုံး ၂ လုံး တပြိုင်တည်း ကျဲချခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်မှာ ချက်ပြုတ်ရေးတာဝန်ယူနေတဲ့ စားဖိုချောင်နဲ့ ကျွေးမွေးရေးအဖွဲ့တွေရှိရာ နေရာအနီးကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ၁ စစီ ၂စစီနဲ့ ကောက်တဲ့လူတွေက ဘယ်သူတွေဆိုတာ အတိကျ မသိသေးတော့ စာရင်းမရှိဘူး၊ အစိတ်စိတ် အမွှာမွှာဖြစ်သွားတာဆိုတော့၊ ကိုယ့်ရွာက တချို့လူတွေကိုတောင် ခေါင်းမြင်မှ မှတ်မိတယ်။ တချို့ ကျခေါင်းကို ဖွတ်ဖွတ်ညက်ညက် ကြေသွားတာ"လို့ ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ်တဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မိသားစုတစု၊ မိခင်နဲ့ကလေး အတွဲလိုက်သေဆုံးတဲ့ မိသားစုတစု ပါဝင်ပါတယ်။

ကူညီကယ်ဆယ်ရေးတွေလာပေမယ့် လူအင်အားနဲ့ဆေးဝါးမလုံလောက်တာကြောင့် သွေးထွက်လွန်သေဆုံးရတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ကယ်ဆယ်ရေး မလုံလောက်တာနဲ့ ဆေးဝါးမပြည့်စုံတာကြောင့် သွေးထွက်လွန်ပြီးသေရတဲ့ ၁၀နှစ်သား ကလေးတွေရှိတယ်။ သွေးထိန်းတာ ထိန်းကို မထိန်းနိုင်တာ၊ တချို့ကျ သွေးထွက်လွန်လို့ သတိလစ်ရင်းနဲ့ အသက်ပါ ပါသွားတာ”လို့ မတောရွာသားတဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။

“စိတ်ထိခိုက်မှုကတော့ ကြီးမားပါတယ်။ ကလေးတွေဆို တော်တော်ကြောက်နေကြတာ၊ နေ့လည်စာ ထမင်းကျွေးလို့ မရဘူး။ ကလေးဆိုတာ ဆော့လိုက် စားလိုက်အရွယ်၊ ခုသူတို့ကအစ မျက်နှာငယ်နဲ့ အသားတွေကို တုန်ပြီးကြောက်နေကြတာ” လို့ ရွာခံတဦးက ပြောပါတယ်။

လက်ရှိမှာသေဆုံးပြည်သူ ၃၀ ဦးရဲ့ စာရင်းရရှိထားပြီး ဒဏ်ရာရ ၄၇ ဦးရှိကာ စာရင်းမကောက်နိုင်သေးတဲ့ သေဆုံးသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လေကြောင်းပစ်ခတ်ခံရလို့ မတောရွာက အမည်စုံစမ်းဆဲ ၅နှစ်အရွယ် မိန်းကလေးငယ်တဦး၊ အမည်စုံစမ်းဆဲ ၃နှစ်အရွယ် မိန်းကလေးငယ်တဦး၊ မဇင်မာသူ ၁၀နှစ်၊ မဇင်မာလင်း ၁၅နှစ်၊ စိုင်းချစ်အောင် ၁၁နှစ်၊ ဖြိုးဇာနည် ၁၆နှစ်၊ မခင်ထွေးကြည် ၂၃နှစ်၊ သားဖြစ်သူ ၁နှစ်ခွဲအရွယ် ကလေးငယ်တဦး၊ ကိုကျော်ကျော်ဦး ၂၆နှစ် ဝန်းကျင်၊ ယဉ်မင်းသူ ၂၈နှစ်၊ ကိုလင်းဇော် အသက် ၂၀ကျော် (CDMကျောင်းဆရာ)၊ ကိုဇင်ကိုဦး အသက် ၂၀ကျော်၊ ကျော်မင်းထွဋ်  အသက် ၃၀ကျော်၊ ကိုမင်းသူ ၃၀ကျော်၊ ကိုအေးသိန်း အသက် ၄၀ကျော်၊ ဦးဆွေဇင်ဦး အသက် ၅၀ကျော်၊ ဒေါ်ခိုင်မျိုးကြည်၊  မောင်ကျော်သူရ၊ ကိုမင်းမင်း အသက် ၅၀ကျော်၊ ဒေါ်ရွှေကြည် အသက် ၅၀ကျော်၊ မစန်းနွဲ့ အသက် ၅‌၀ကျော်(အုန်းပင်ပိသေဆုံး)၊ ဒေါ်မိခန့် အသက် ၅၀ကျော်၊ ဒေါ်ကြည်စန်း အသက် ၅၀ကျော်၊ အမည်မသိ ပြည်သူတဦး၊ ယုံသာရွာက ဦးမောင်ကြီး၊ မစုစံ၊ ဖိုးလပြည့် အသက် ၈နှစ်၊ ကျွန်းတောရွာက ဒေါ်မြရင်၊ ပြင်းပင်မော်ရွာက ပြည်သူ ၁ဦး၊ ပုထိုးလုံးရွာက ဒေါ်ညွန့်ကြည် အသက် ၆၀ကျော်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၉ ရက်နေ့မှာလည်း ဆောမြို့နယ်၊အကြည်ပန်းပလွန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#မင်းကင်း #မတောရွာ #မင်္ဂလာပွဲ #လေကြောင်းတိုက်ခိုက်မှု #လူအစုလိုက် #သေဆုံးမှု #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10