မတ္တရာက ကျေးရွာတခုကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ပြီလို့ ပုံရိုက်သွားပြီး ဝါဒဖြန့်    ■ ထန်းပင်ကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူထားဆဲဖြစ်

မတ္တရာက ကျေးရွာတခုကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ပြီလို့ ပုံရိုက်သွားပြီး ဝါဒဖြန့် ■ ထန်းပင်ကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူထားဆဲဖြစ်

 

မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို တော်လှန်ရေးတပ်တွေ စိုးမိုးထားဆဲဖြစ်ပြီး စစ်တပ်က အရှေ့ခြမ်းကိုပြန်ရဖို့ အင်အားထပ်တိုးတာတွေလုပ်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို စစ်တပ်က ပြန်လည်သိမ်းယူနိုင်ပြီဆိုပြီး ပုံတွေနဲ့အတူ ထုတ်ပြန်လာပါတယ်။ ဒါပေမယ့် စစ်တပ်အနေနဲ့ ယာယီစစ်ကြောင်းထိုးသွားတာသာဖြစ်ပြီး ထန်းပင်ကုန်းရွာကို တော်လှန်ရေးတပ်တွေ သိမ်းယူထားနိုင်ဆဲဖြစ်တယ်လို့ မတ္တရာမြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"မတ္တရာအရှေ့ခြမ်းက ဒီကောင်တွေတော်တော်များများနေရာတွေကို ထိုးစစ်သိပ်မရှိတော့ဘူး။ ထန်းပင်ကုန်းကို စစ်တပ်ပြန်သိမ်းတယ်ဆိုတာလည်းမဟုတ်ပါဘူး"လို့  တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ မတ္တရာ ထီးတော်မိုးတပ်နဲ့ တော်လှန်ရေးတပ်တွေသိမ်းယူထားပြီးဖြစ်တဲ့ ဖယောင်းတောင် ပတ်ဝန်းကျင်ကို အင်အားထပ်တိုးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

"ဒီနေ့ ခြေလျင်တပ်တချို့လည်း ဖယောင်းတောင်ဘက်ကိုတိုးတယ်။ ထီးတော်မိုးတပ်ကလည်း တအုန်းအုန်းနဲ့ မိုးလင်းကတည်းက လက်နက်ကြီးနဲ့ပစ်နေတာ"လို့ဒေသခံတဦးက ပြောပါတယ်။

အလားတူ မတ္တရာမြို့နယ်အနောက်ခြမ်းကိုလည်း စစ်တပ်က အင်အားတွေထပ်တိုးပို့နေပြီး မတ္တရာမြို့နယ်ကို ပြန်လည်စိုးမိုးဖို့ကြိုးစားနေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောထားပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(မန္တလေး)တည်ရှိရာ မန္တလေးမြို့ကို တော်လှန်ရေးတပ်တွေဝင်ရောက်မလာနိုင်စေရန် မတ္တရာမြို့ဘက်ကနေ မန္တလေးမြို့ကိုဝင်ထွက်နိုင်တဲ့လမ်းတွေကို စစ်တပ်ကနေ့စဥ်စစ်ဆေးတာတွေလည်းလုပ်နေတယ်လို့ သိရပါတယ်။

ပုံစာ -  မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို ပြန်လည်ထိန်းချုပ်ထားနိုင်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တခုတွင် တင်ထားသော စစ်ကောင်စီတပ်သားများ။

စာတည်း - ဈာန်မြင့် 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #ထန်းပင်ကုန်း #စစ်တပ် #ဝါဒဖြန့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10