မတ္တရာက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ ဗိုလ်ကြီး ၁ ဦးအပါ ၁၂ ဦးနဲ့ PDF ၁ ဦးသေဆုံး

မတ္တရာက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ ဗိုလ်ကြီး ၁ ဦးအပါ ၁၂ ဦးနဲ့ PDF ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိတံတားမှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး လမ်းသွားလမ်းလာတွေကိုငွေတောင်းတဲ့ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၀ ရက် မနက် ၅ နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ရဲ အင်အား ၃၀ ကျော်လောက်ရှိနေတဲ့ အဆိုပါစစ်ဆေးရေးဂိတ်ကို PDF တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

"အလစ်အငိုက်ဖမ်းခံရပြီး တိုက်ခိုက်ခံလိုက်ရတာလို့တော့ သိရတယ်။ သူတို့ဂိတ်က မနက်အစောပိုင်းဆို ကင်းသမားလောက်ပဲရှိပြီး ကျန်တာက ဘုန်းကြီးကျောင်းထဲမှာအိပ်တာများတယ်။ အဲ့ဒါကြောင့် အသေများတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ဆေးရေးဂိတ်တာဝန်ခံ ဗိုလ်ကြီးချစ်ခိုင်ဆိုသူအပါအဝင် စစ်ကောင်စီတက်သားနဲ့ရဲအဖွဲ့ဝင် စုစုပေါင်း ၁၂ ဦး သေဆုံးပြီး လက်နက်တွေနဲ့ ဂိတ်ကကောက်ခံထားတဲ့ငွေတွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး “တိုက်ခိုက်မှုအတွင်း Drone Jammer ၁ လက်၊ လက်နက်ခဲယမ်းအများအပြားနှင့် ဗိုလ်ကြီး ၁ ဦးအပါအဝင် ရန်သူ့အလောင်း ၁၂ လောင်းခန့်အား သိမ်းဆည်းရမိခဲ့သည်” လို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။ 

ဒါ့အပြင် မန္တလေပကဖဘက်က ရဲဘော်တဦးလည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုအပြီး မနက် ၇ နာရီလောက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်နဲ့ လာရောက်စစ်ဆေးသွားပြီး အနီးဝန်းကျင်က ပြည်သူတွေကိုလည်း မေးမြန်းစုံစမ်းတာတွေပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပစ်ခတ်မှုအတွင်းသေဆုံးခဲ့တဲ့ ရဲနဲ့စစ်သားအလောင်းတွေကိုတော့ စစ်ကောင်စီအဖွဲ့ဘက်က ကောက်ယူပြီး မတ္တရာဘက်ကို ပြန်သယ်သွားတယ်လို့ သိရပါတယ်။

ဧပြီ ၂၈ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာက စစ်ကောင်စီအထိုင်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၁ ဦးသေဆုံးကာ ၁၅ ဦးအရှင်ဖမ်းမိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #ဂိတ်စခန်း #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10