မတ္တရာက စစ်ရှောင်စခန်း ၃ ခုမှာ ရိက္ခာအရေးပေါ်လိုအပ်နေ

မတ္တရာက စစ်ရှောင်စခန်း ၃ ခုမှာ ရိက္ခာအရေးပေါ်လိုအပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ စစ်ရှောင်စခန်း ၃ ခု စစ်ရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

"ပြည်သူတွေရဲ့အကူအညီလိုချင်ပါတယ်။ တိုက်ပွဲတွေဆက်လာရင် ကျနော်တို့လည်း စားနပ်ရိက္ခာဆက်မကူနိုင်မှာစိုးတယ်။ စစ်ရှောင်စခန်းတခုဆိုရင် ဆန်၂ရက်စာလောက်ပဲ ရှိတော့တယ်။ "လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

အထက်ပါ စစ်ရှောင်စခန်း ၃ ခုမှာ အသက် ၁၀ နှစ်အောက်ကလေးငယ် ၁၀၀ ဝန်းကျင်ရှိပြီး ကိုယ်ဝန်သည်တွေအပြင် ထွက်ပြေးလာစဥ် လမ်းမှာ ဒဏ်ရာရသူတွေလည်းရှိပြီး မေးခိုင်ကာကွယ်ဆေးတွေလည်း လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

မတ္တရာမြို့နယ် ပကဖတာဝန်ရှိသူကလည်း စစ်ရှောင်တွေအတွက်စာနပ်ရိက္ခာအကူအညီလိုအပ်နေပြီး ပြည်သူတွေအနေနဲ့ ကူညီပေးကြဖို့ ပြောဆိုထားပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးကြေညာပြီးနောက် မတ္တရာနယ်အတွင်း ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာကိုခံရတဲ့ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေလုပ်တဲ့အတွက် ကင်းရွာ၊ ဘိုကုန်း၊ ကျောက်ဆည် စတဲ့ကျေးရွာတွေအပါအဝင် ၁၀ ရွာလောက်က ဒေသခံတွေဟာ နိုဝင်ဘာ ပထမပတ်လောက်ကစပြီး နေရပ်ကနေ ထွက်ပြေးနေကြရတာပါ။ 

မတ္တရာမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့် ပြည်သူ ၁၉ ဦးသေဆုံးခဲ့သလို ဒီဇင်ဘာလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာလည်း အမျိုးသမီး ၃ ဦး သေဆုံးပြီး ကလေးအချို့လည်း ထိခိုက်ဒဏ်ရတဲ့ ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ရှောင် #ရိက္ခာလိုအပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10