မတ္တရာ တိုင်းလွှတ်တော်အမတ်ရဲ့ အသက် ၈၀ အရွယ် ဖခင်ကို စစ်တပ်ဖမ်းဆီး

မတ္တရာ တိုင်းလွှတ်တော်အမတ်ရဲ့ အသက် ၈၀ အရွယ် ဖခင်ကို စစ်တပ်ဖမ်းဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းရဲ့ အသက် ၈၀ အရွယ် ဖခင်ဖြစ်သူကို  စစ်တပ်က အင်အားသုံးဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် ဒီနေ့မနက် ၆ နာရီလောက်မှာ မတ္တရာမြို့တွင်းရှိ နေအိမ်မှာပဲ စစ်တပ်က ကားနဲ့လာရောက်ကာ အဓမ္မဆွဲခေါ် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

" ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရဘူး။ အသက်အရွယ်ကြီးရင့်နေတဲ့လူတယောက်ကို စကစက ဒီလိုမျိုး အတင်းအဓမ္မ ဖမ်းဆီးသွားတာ။ မိသားစုဝင်တွေရော၊ မြို့ခံတွေရောက စိုးရိမ်နေကြတယ်"လို့ မတ္တရာမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦမင်းမင်းဟာ စစ်အာဏာသိမ်းပြီးနောက် နေအိမ်ကရှောင်တိမ်းနေတာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး မိသားစုနဲ့လည်း အဆက်အသွယ်ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၊ MDY-PDF တပ်ဖွဲ့အပါအဝင် မတ္တရာမြို့နယ် အရှေ့ခြမ်းက ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေးကြေညာပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီက ယခုလိုအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ဖမ်းဆီးတာတွေလုပ်လာတာလို့ မြို့ခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၉ ဦးသေဆုံးခဲ့သလို ဒီဇင်ဘာလမှာလည်း အမျိုး သမီး ၃ ဦး သေဆုံးပြီး ကလေးငယ်ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #လွှတ်တော်ကိုယ်စားလှယ် #ဖခင်ဖြစ်သူ #ဖမ်းဆီးခံရ #စစ်ကောင်စီတပ် #အရပ်သား #ဖမ်ဆီးမှု #စိုးရိမ်ရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10