မတ္တရာနယ်က ဒေသခံ ၃ ထောင်ကျော် တောထဲမှာခိုလှုံနေရတာ ၁ လကျော်ပြီလို့ဆို

မတ္တရာနယ်က ဒေသခံ ၃ ထောင်ကျော် တောထဲမှာခိုလှုံနေရတာ ၁ လကျော်ပြီလို့ဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အိုက့်ဒိုင်ကျေးရွာနဲ့ ရွှေဂဲပြန်ကျေးရွာက ဒေသခံ ၃ ထောင်ကျော်မှာ တောထဲမှာ တဲဆောင်တွေဆောက်ပြီးတော့ ခိုလှုံနေရတာ ၁ လကျော်ရှိနေပြီလို့ ကာယကံရှင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ပြီးတော့ စစ်ကောင်စီတွေက အိုက့်ဒိုင်ရွာနဲ့ ရွှေဂဲပြန်ရွာက နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တဲ့အပြင် မီးမလောင်ဘဲကျန်နေတဲ့ နေအိမ်တွေကိုလည်း ရိုက်နှက်ဖျက်စီးခဲ့တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြရတာဖြစ်တယ်လို့ အိုက့်ဒိုင်ကျေး ရွာသူတဦးက မြေလတ်အသံကိုပြောပါတယ်။

"တန်ဆောင်မုန်းလကတည်းက ပြေးနေရတာပါ။ အခုအချိန်ထိ တောထဲမှာပုန်းနေရတုန်းပါရှင့်။ တောထဲမှာကျူပင်တွေနဲ့ တဲဆောင်ငယ်တွေလုပ်ပြီးတော့ ပုန်းနေရတာပါ။ ကျူတောထဲမှာ အိပ်၊ ကျူတောထဲမှာစားနေရတယ်။ အခုကျမတို့ အအေးဒဏ်ကို တော်တော်လည်းခံစားနေရပါတယ်။ စောင်တထည်တည်းနဲ့ နှစ်ယောက်သုံးယောက်ကျစီခြုံနေရပါတယ်"လို့ဆိုပါတယ်။

မီးရှို့ခံလိုက်ရတဲ့ အိုက့်ဒိုင်ကျေးရွာနဲ့ ရွှေဂဲပြန်ကျေးရွာမှ အိမ်ခြေ ၇၀၀ ကျော်က လူဦးရေ ၃ ထောင်ကျော်မှာ အခုအချိန်ထိနေရပ်ကိုမပြန်နိုင်သေးဘဲ တောထဲမှာခိုလှုံနေရတာကြောင့် အနွေးအထည်တွေ၊ စား နပ်ရိက္ခာတွေနဲ့ ဆေးဝါးပစ္စည်းတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

"ဒီဒေသခံတွေက တောထဲခိုလို့ရမယ့်နေရာတွေမှာ နေနေရတယ်။ ကိုင်းပင်တွေကို ခုတ်ပြီး၊ ရိတ်ပြီးတော့ နှင်းလုံအောင်ဆိုပြီးတော့ အမိုးတွေလုပ်ပြီးနေကြတယ်။ ပြောရမယ်ဆိုရင် အခုကဧရာဝတီမြစ်ရေကျနေတော့ သဲ သောင်တွေပေါ်ထွန်းနေတယ်။ အဲဒီပေါ်မှာဘဲ ကျူတွေကိုခုတ်ပြီးနေနေရတာ။ ကျန်းမာရေးအတွက်ကလည်း ဆေးဆရာတွေမရှိတော့ ရောဂါတွေဖြစ်လာရင် စိုးရိမ်ရမယ့်အနေအထားရှိပါတယ်"လို့ဆိုပါတယ်။

အခုလိုနေထိုင်နေကြရတဲ့ဒေသခံတွေအနေနဲ့ မိမိတို့နေရပ်ကို ပြန်ချင်နေကြပေမယ့် နေအိမ်တွေမရှိတော့တာရယ်၊ စစ်ကောင်စီတပ်သားတွေနဲ့ ပြန်တွေ့မှာကို ကြောက်လန့်နေကြရတာကြောင့် တောထဲမှာဘဲဒုက္ခခံပြီး ခိုလှုံနေကြရတာဖြစ်တယ်လို့ ရွှေဂဲပြန်ရွာသားတဦးက ပြောပါတယ်။

"ရွာကအိမ်တွေက မီးရှို့ခံထားရတာများပါတယ်။ စစ်ကောင်စီတွေက မီးမလောင်တဲ့အိမ်တွေဆိုရင်လည်း ရိုက်ဖျက်တယ်။ ဆန်တွေ၊ဆီတွေဆိုရင်လည်း ယူသွားတယ်။ စျေးဆိုင်တွေကဆိုရင်လည်း စားသောက်လို့ရမယ့်ပစ္စည်းတွေ အကုန်လုံးကိုယူသွားတာ။ ပြောရမယ်ဆိုရင် စစ်ကောင်စီတွေက မင်းမဲ့စရိုက်တွေလုပ်ပြီးတော့ ရွာကိုဖျက်စီးသွားတာဗျ။ ကျနော်တို့လည်း အသက်တချောင်းရှင်နေရင်ပြီးတော့ ဆိုပြီး အခုလိုရွာကိုမပြန်ရဲဘဲ တောထဲမှာခိုနေရတာ"လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလိုတောထဲမှာ ၁ လကျော်ကြာခိုလှုံနေကြရတဲ့ သက်ကြီးရွယ်အိုးတွေ၊ ကလေးသူငယ်တွေအတွက် ဆေးဝါးပစ္စည်းတွေ၊ အနွေးအထည်တွေနဲ့ စားနပ်ရိက္ခာတွေကို နီးစပ်ရာကျေးရွာတွေနဲ့ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ပေးထားရတာကြောင့် ပြည်တွင်း၊ပြည်ပကအလှူရှင်တွေအနေနဲ့ တတ်နိုင်သလောက်လည်း လှူဒါန်းပေးကြဖို့ကို ဒေသခံတွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေက မျှော်လင့်နေကြပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10