မတ္တရာနယ်မှာ စစ်အုပ်စု ၂ ပတ်အတွင်း ၆ ကြိမ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

မတ္တရာနယ်မှာ စစ်အုပ်စု ၂ ပတ်အတွင်း ၆ ကြိမ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ခုကို အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၄ ရက်အတွင်း ၆ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်မနေ့က ထုတ်ပြန်လာပါတယ်။ 

စစ်သားနဲ့ရဲ အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းတခုကို အောက်တိုဘာ ၃၀ ရက်က ကျပ်ပြင်ကျေးရွာအနီးမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီနောက် နိုဝင်ဘာ ၄ ရက်မှာ မှော်ဘီအခြေစိုက် ခလရ ၉၁ က တပ်သားတွေအပါအဝင် အင်အား ၈၀ ပါ စစ်ကြောင်းကို ကာကွယ်ရေးတပ်တွက စခန်းသာရွာရဲ့အနောက်ဘက်မှာ တကြိမ်၊ အောင်ချမ်းသာ သင်္ချိုင်းကုန်းအနီးမှာ တကြိမ်၊ ညောင်ပင်သာရွာအရှေ့ဘက်မှာ တကြိမ်စီ မိုင်းဆွဲခဲ့ပြီး အဲ့ဒီနေ့မှာပဲ ဒဏ်ရာရသူတွေကို လာခေါ်တဲ့ စစ်ကောင်စီကား ၂ စီးကို မုံရွာစုအနီး နဲ့ ရွာသစ် ကျေးရွာအနီးပါ တကြိမ်စီ မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။ 

"စစ်တပ်ဘက်က ၈ ယောက်သေတယ်။ ၇ ယောက်ဒဏ်ရာရတယ်ဆိုတာ မျက်မြင် ပြည်သူတွေရဲ့ ပြောကြားချက်အရ ကျနော်တို့ပြန်သိရတာပါ"လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်းမှာပဲ စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပြီး တပ်ဖွဲ့ပိုင် ဆိုင်ကယ် ၃ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကိုဒေါင်လးလမ်းက ပြောပါတယ်။ 

မိုင်းဆွဲပြီးနောက် စစ်တပ်ရဲ့ ပစ်ခတ်မှုကိုခံရချိန် ရဲဘော်တွေက ဆိုင်ကယ်တွေထားပြီး ဆုတ်ခွာခဲ့ရာမှာ စစ်တပ်က တွေ့ရှိမီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကြောင်းဝင်တဲ့ ကျေးရွာတိုင်းက ဒေသခံပြည်သူတွေကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးတာတွေ ရှိခဲ့ပေမယ့် အားလုံးကို ပြန်လွှတ်ပေးထားတယ်လို့ သိရကြောင်း ကိုဒေါင်းလမ်းက ပြောပါတယ်။ 

လက်ရှိမှာတော့ မတ္တရာမြို့နယ်အရှေ့ခြမ်းက မြောင်းသစ်ကျေးရွာ၊ ကျောက်တံတားကျေးရွာနဲ့ ငါးလုံးပြွန်ကျေးရွာတို့မှာ စစ်ကောင်စီတပ်တွေက အဖွဲ့ခွဲပြီး အထိုင်ချတပ်စွဲထားတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #မိုင်းဆွဲ #တိုက်ခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10