မတ္တရာနဲ့ စဉ့်ကူးက နောက်ထပ်တပ်စခန်းသုံးခုကို PDF က ထပ်သိမ်း

မတ္တရာနဲ့ စဉ့်ကူးက နောက်ထပ်တပ်စခန်းသုံးခုကို PDF က ထပ်သိမ်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲမှာ စစ်ကောင်စီစခန်း ၆ ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းပိုက် ကြောင်း ထုတ်ပြန်ပြီးနောက် ဇူလိုင် ၄ ရက် ဒီနေ့မှာလည်း မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ထဲမှာ နောက်ထပ် စစ်ကောင်စီဂိတ်စခန်းသုံးခုကို PDF တွေက ထပ်မံသိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။ 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲမှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အနေနဲ့ စစ်ဆင်ရေးတွေ ပြုလုပ်နေပြီး ရဲစခန်းအပါအဝင် စခန်း ၆ ခု သိမ်းထားနိုင်ကာ လက်နက် ၄၀ ကျော် ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေးက ဇူလိုင် ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှာရှိတဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်အထိုင်စခန်း တခုကို မနေ့ည(ဇူလိုင် ၃ ရက်)က ထပ်မံသိမ်းယူထားနိုင်တာဖြစ်ပြီး စဉ့်ကူးမြို့နယ်က ဂိတ်စခန်းကိုလည်း မနေ့က ညနေပိုင်းကတည်းက ထိန်းထားနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

နောက်ထပ် စဉ့်ကူးမြို့နယ်ထဲက ပျူစောထီးကျေးရွာအထိုင်စခန်းကတော့ ဒီကနေ့မနက်ပိုင်းမှာစခန်းကျပြီး အလုံးစုံအထိ မသိမ်းနိုင်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေ ဆက်လက်ရှိနေသေးတာကြောင့် စခန်းအမည်ကိုဖော်ပြလို့ မရသေးဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

"စခန်းကတော့ ကျသွားပြီ။ ကျန်တဲ့သူနည်းနည်းရှိတော့ တိုက်ပွဲက မပြီးသေးဘူး။ ကျွန်တော်တို့လည်း အခုထိအရှေ့မှာပဲ ရှိသေးတယ်"လို့ ရဲဘော်တဦးက ပြောပါတယ်။

အဲဒီကျေးရွာဟာ အခုနှစ်မေလမှာ စစ်တပ်က လက်နက် ၃၅ လက်အထိ ချပေးထားကာ ပျူစောထီးသင်တန်းပေးထားတဲ့ကျေးရွာလို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ်ပြန်လည်စတင်တဲ့အချိန်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(မန္တလေး)နဲ့ အနီးစပ်ဆုံး မန္တလေးတိုင်းထဲကနေရာတွေဟာ ဆက်တိုက်သိမ်းဆည်းခံနေရတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းအသုံးပြုကာ ထိုးစစ်ဆင်နေပြီး မနေ့က လက်ပန်လှကျေးရွာကို အကြိမ် ၂၀ လောက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #စဉ့်ကူးမြို့ #စစ်ကောင်စီ #ပြည်သူ့ကာကွယ်ရေးအဖွဲ့ #မတ္တရာမြို့နယ် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10