မတ္တရာနဲ့စဉ့်ကူးနယ်ထဲက ပြည်သူ့စစ်တွေ အမြန်ဆုံးလက်နက်ချဖို့ MDY PDF တိုက်တွန်း

မတ္တရာနဲ့စဉ့်ကူးနယ်ထဲက ပြည်သူ့စစ်တွေ အမြန်ဆုံးလက်နက်ချဖို့ MDY PDF တိုက်တွန်း

မန္တလေးတိုင်း၊ မတ္တရာနဲ့စဉ့်ကူးမြို့နယ်က စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်(ပျူစောထီး)တွေ အမြန်ဆုံးလက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ဇူလိုင် ၅ ရက် မနေ့က ရက်စွဲနဲ့ တိုက်တွန်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြည်သူ့စစ်တွေအနေနဲ့ လွဲမှားတဲ့ယုံကြည်ချက်ကြောင့်ဖြစ်စေ၊ အဓမ္မတိုက်တွန်းစေခိုင်းခံရလို့ဖြစ်စေ ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ ပြစ်မှုတွေကိုရပ်တန့်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံဖို့ အကောင်းဆုံးနဲ့နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးအနေနဲ့ နွေးထွေးစွာကြိုဆိုပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ရဖို့ ကူညီသွားမှာဖြစ်ကာ တပ်ဖွဲ့အနေနဲ့ နိုင်ငံတကာစစ်ဥပဒေတွေနဲ့ကျင့်ဝတ်တွေကို လေးစာလိုက်နာတဲ့တပ်ဖွဲ့ဖြစ်တာကို အလေးအနက် သိစေအပ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြည်သူစစ်တွေအနေနဲ့ ထုတ်ပြန်တိုက်တွန်းချက်ကိုအလေးမထားဘဲ စစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းနေပါက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တန်းတူသတ်မှတ်ပြီး ပြတ်ပြတ်သားသားချေမှုန်းသွားမယ်လို့ ဖော်ပြထားပါတယ်။

ဇွန် ၂၅ ရက်က ပြန်လည်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ မန္တလေးမြို့အနီး မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ဆင်ရေးရက်သတ္တပတ် ၂ ခုအတွင်း အဆိုပါနယ်တွေထဲက စစ်ကောင်စီတပ် လေကြောင်းရန်တပ်ရင်းတခုအပါအဝင် တပ်၊ စခန်း ၁ ဒါဇင်ထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#စဉ့်ကူး #မတ္တရာ #ပြည်သူ့စစ် #ပျူစောထီး #လက်နက်ချ #တိုက်တွန်းချက် #MDYPDF #၁၀၂၇ #အပိုင်း၂ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10