မတ္တရာမြို့နယ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေ (ရုပ်/သံ)

မတ္တရာမြို့နယ်အတွင်း စစ်တပ်က ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုး လူသတ်မှုတွေကျူးလွန်နေတာကြောင့် စစ်ရှောင်ပြည်သူတွေများပြားနေပြီး စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ရောင်နီနွေဦးအဖွဲ့တာဝန်ခံက ပြောပါတယ်။

မတ္တရာမြို့နယ် အရှေ့ခြမ်းကစစ်ရှောင်စခန်းမှာ လူဦးရေ ၁၀,၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ်ကတည်းက ဖွင့်ထားရတာဖြစ်တယ်လို့ ပြောပါတယ်။

အရှေ့ခြမ်းက ကင်းရွာနဲ့ အနီးနားကျေးရွာက ဒေသခံတွေဟာ စစ်တပ်ကလက်နက်ကြီးနဲ့ နေ့စဥ်ပစ်ခတ်တာနဲ့ မကြာခဏဆိုသလို စစ်သားနဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးလေ့ရှိတာကြောင့် စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်း မှာလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစပြီး စစ်ရှောင်စခန်းဖွင့်လှစ်ပေးထားရပြီး စစ်ရှောင်ဦးရေ ၂၀၀ ကနေ ၃၀၀ ခန့်ရှိနေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း စစ်တပ်က တောင်ကိုင်းကျေးရွာကို ဝင်ရောက်ခဲ့ပြီး လူလတ်ပိုင်းအမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး အဲဒီနေ့ကတည်းက ဒေသခံတွေရှောင်တိမ်းခဲ့ကြရပြီး လက်ရှိမှာတော့ တောင်ကိုင်းကျေးရွာအနီးက ငယ်တိုး၊ သဖန်းထောင့်နဲ့ ရွှေချောင်းကျေးရွာတွေမှာ စစ်တပ်က အထိုင်ချတပ်ဆွဲထားတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကို ကူညီထောက်ပံ့ချင်တဲ့ ဒေသခံတွေအနေနဲ့ ရောင်နီနွေဦး Facebook Page ကနေတဆင့် ထောက်ပံ့နိုင်တယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မတ္တရာ #စစ်ဘေးရှောင် #စားနပ်ရိက္ခာ #နွေဦးတော်လှန်ရေး #အကူညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10