မတ္တရာမြို့နယ်က ပြည်သူတွေ ဗုံးခိုကျင်းတူးကြရန် ခရိုင်ပကဖ သတိပေး

မတ္တရာမြို့နယ်က ပြည်သူတွေ ဗုံးခိုကျင်းတူးကြရန် ခရိုင်ပကဖ သတိပေး

စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ပြည်သူတွေများလာလို့ ပြင်ဦးလွင်ခရိုင်၊ မတ္တရာ မြို့နယ်က ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးကြဖို့နဲ့ စစ်ကြောင်းလာရင် မပေါ့ဆကြဖို့ ပြင်ဦးလွင်ခရိုင်ပကဖ က သတိပေးထားပါတယ်။

"ပြည်သူတွေကလည်း ပေါ့ဆကြတယ်။ သူတို့ကို ဘာမှ မလုပ်လောက်ပါဘူးလို့ ထင်တာ။ အရှေ့ခြမ်းက ပြည်သူတွေက ပိုဆိုးတယ်။ အခုက မဖြစ်မနေ ဗုံးခိုကျင်းတူးရမယ့် အခြေအနေဖြစ်နေပြီ။ စစ်ကြောင်းလာရင်လည်း ရှောင်ကြတိမ်းကြဖို့ သတိပေးချင်ပါတယ်" လို့ ပြင်ဦးလွင် ခရိုင်ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်တပ်က ကားနဲ့စစ်ကြောင်းထိုးလေ့ရှိပြီး ကျေးရွာတွေဘေးကနေ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိလို့ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်အတွင်းမှာ လက်နက်ကြီးထိခိုက်မှုဒဏ်ကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးသေဆုံးထားပြီး အသက် ၁၀ နှစ်ဝန်းကျင် ကလေးတွေအပါအဝင် ၁၁ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာတွေရရှိထားပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်က မတ္တရာမြို့နယ်အရှေ့ခြမ်း အောင်ကန်သာလက်ဖက်ရည်ဆိုင်ထဲကိုဝင်ရောက်ကာ ပြည်သူ ၁၃ ဦးကို ပစ်သတ်ခဲ့သလို နိုဝင်ဘာ ၁၇ ရက်မှာလည်း ကင်းရွာဘက်ကနေ သရက်ကိုင်းရွာဘက်ကို စစ်ရှောင်တဲ့ ဒေသခံအမျိုးသား ၃ ဦးနဲ့ သရက်ကိုင်းကျေးရွာက ဒေသခံညီအစ်ကိုအရင်း ၃ ဦးကို သစ်စက်ကနေ ခေါ်သွားပြီး မတ္တရာမြို့နယ်၊ အယ်ဖာဘိလပ်မြေစက်ရုံအနီးမှာ သတ်ထားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၃၀ ရက်ကလည်း မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာက BE ကျောက်မှုန့်စက်ရုံကို စစ်တပ်ဝင်ရောက်ကာ စက်ရုံပိုင်ရှင်အမျိုးသားအပါအဝင် ပြည်သူ ၇ ဦးကို ပစ်သတ်ခဲ့သေးတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်မှာ ယခုလက်ရှိ နေ့စဥ်နီးပါး စစ်ကြောင်းတွေ ထိုးနေပြီး ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ - မတ္တရာမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်သူများနှင့် စစ်ကြောင်းထိုးချိန် ဖမ်းဆီး သတ်ဖြတ်ခံရသူများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်တပ် #လက်နက်ကြီး #ပြင်ဦးလွင်ခရိုင် #မတ္တရာမြို့နယ် #ပြည်သူ #ဗုံးခိုကျင်း #စစ်ကြောင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10