မတ္တရာမြို့နယ်ကို စစ်တပ်ဝင်မွှေပြီး ဒေသခံ ၁၀၀ခန့်ကို ဖမ်းထား၊ ဒေသခံ ၅၀၀၀ ခန့် ရှောင်ပြေးနေရ

မတ္တရာမြို့နယ်ကို စစ်တပ်ဝင်မွှေပြီး ဒေသခံ ၁၀၀ခန့်ကို ဖမ်းထား၊ ဒေသခံ ၅၀၀၀ ခန့် ရှောင်ပြေးနေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်း ၄ ကြောင်းနဲ့ ဝင်မွှေနေပြီး ဒေသခံ ၁၀၀ ခန့်ကို ဖမ်းဆီးထားတာကြောင့် ဒေသခံ ၅,၀၀၀ ခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

လက်ရှိမှာ မတ္တရာမြို့နယ်အရှေ့ဘက်က ကြက်ပြင်ကျေးရွာမှာ အင်အား ၃၀နဲ့ တကြောင်း၊ မြောင်းသစ်ကျေးရွာမှာ အင်အား ၁၀၀ ခန့် တကြောင်း၊ သပြေလှကျေးရွာမှာ အင်အား ၆၀ခန့် စစ်ကြောင်း ဝင်ရောက်ကာ တပ်စွဲထားပြီး မြောင်းသစ်ကျေးရွာမှာတော့ ဒေသခံ ၁၀၀ ခန့် အဖမ်းခံထားရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၀၀ ခန့်ဟာ မြောင်းသစ်ကျေးရွာဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ပြည်သူတွေကို အကာအကွယ်ယူထားတဲ့ သဘောမျိုးဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

ကြက်ပြင်ကျေးရွာက စစ်ကြောင်းဟာ ပုံမှန်အထိုင်တပ်ဖြစ်ကာ မြောင်းသစ်နဲ့ သပြေလှကျေးရွာက စစ်ကြောင်းတွေဟာ စက်တင်ဘာ ၂၈ ရက်က ဝင်ရောက်လာတဲ့စစ်ကြောင်းတွေဖြစ်ပြီး နယ်မြေရှင်းလင်းရေးလုပ်မယ့် အခြေအနေရှိတယ်လို့ မတ္တရာမြို့နယ်တပ်ရင်း ၁ မတ္တရာမျိုးမှန်တပ်ဖွဲ့က စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ပြောပါတယ်။

အဲဒီအထဲက သပြေလှကျေးရွာကို တပ်စွဲဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စက်တင်ဘာ ၂၈ ရက် မနေ့ည ၁၀ နာရီခွဲလောက်က ကျောင်းကုန်းကျေးရွာအရောက်မှာ မတ္တရာမျိုးမှန်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

"Scout(ကင်းထောက် )တွေရဲ့ သတင်းပေးချက်အရ မိုင်းကွင်းတွေကို ဖြတ်နေတဲ့အချိန်ဆွဲချလိုက်တာ။" လို့ ကိုဒေါင်းလမ်းက ပြောပါတယ်။

အခုစစ်ကြောင်းထိုးနေတဲ့ တပ်တွေဟာ တပ်မ ၃၃၊ ပျူစောထီး၊ ရဲတပ်ဖွဲ့၊ တပ်မတော်နည်းပညာတက္ကသိုလ် လက်အောက်ခံတပ်တွေ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းက စကျင်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်တပ်ကလည်း ဒီနေ့ မွန်းလွဲ ၁နာရီခွဲလောက်မှာ မြွေပုံကန်အရှေ့ရွာကို စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ မြွေပုံကန်အရှေ့ရွာ၊ အနောက်ရွာနဲ့ တောင်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၇ ရက် နဲ့ ၂၈ ရက်တွေမှာလည်း မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ဘက်နဲ့ စဉ့်ကူးမြို့နယ်တွေမှာ ဧရာဝတီမြစ်ကမ်းတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက မြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံ တသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ပုံစာ-ဂျူလိုင်လအတွင်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းကပြည်သူများ

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်း #စစ်ရှောင် #ပျူစောထီး  #မတ္တရာမျိုးမှန်တပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10