မတ္တရာမြို့နယ်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါ ၅ ဦး ဒဏ်ရာရ

မတ္တရာမြို့နယ်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါ ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၃ ရက် မနေ့ကနေ့လယ်ပိုင်းမှာ မတ္တရာမြို့နယ်အရှေ့ခြမ်း ရှုခင်းသာကျေးရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆိပ်သာကျေးရွာကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အသက် ၈ နှစ် အရွယ်မိန်းကလေး ၁ ဦးနဲ့ ယောကျာ်းလေး ၁ ဦးအပါအဝင် အသက် ၄၀ အရွယ်အမျိုးသား ၂ ဦး၊ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

"သွားလာနေတဲ့ ကလေးတွေလို့ပဲ သိရတယ်။ တဦးစိုးရိမ်ရတယ်လို့ သိရတယ်။ အခုဆေးရုံမှာ ကုသနေပါတယ်" လို့ မတ္တရာမြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

ရှုခင်းသာကျေးရွာဟာ မန္တလေး-မိုးကုတ်ကားလမ်းပေါ်မှာရှိပြီး စစ်ကောင်စီက တပ်စွဲထားတာမျိုးမဟုတ်ဘဲ ကားနဲ့လာပြီး ပစ်ခတ်သွားတာလို့ သိရပါတယ်။

အဲ့ဒီနေရာတွေမှာ လတ်တလောတိုက်ပွဲဖြစ်ပွားတာမျိုး မရှိသလို စစ်ကောင်စီတပ် စိုးမိုးထားတဲ့နေရာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ နိုဝင်ဘာတတိယပတ်အတွင်းမှာလည်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူ ၁၉ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #လက်နက်ကြီး #စစ်ကောင်စီ #ကလေး #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10